မဲခေါင်၊ နိုဝင်ဘာ ၁၆
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးရွာကို စစ်ကောင်စီက ဒီကနေ့ နိုဝင်ဘာလ ၁၆ ရက်၊ ညနေပိုင်းအချိန်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေ အကြောင်းမဲ့ ပစ်ခတ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်နဲ့ နွားဘန်းကြီးရွာ အနောက်ဘက်တောစပ်ကို ဒီကနေ့ ညနေ ၃ နာရီဝန်းကျင်ကနေ လက်ရှိအချိန် လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေသလို ကျေးရွာအတွင်းကိုလည်း ကားနဲ့ လှည့်လည်ပြီး လက်နက်ငယ်တွေ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
“အခုလက်ရှိရွာမှာ စစ်တပ်က အင်အား ၁၀၀ ကျော်နဲ့ ရွာအနောက်ဘက်တောစပ်ကို အဆက်မပြတ်ပစ်နေတာ တစ်နာရီကျော်ပြီ၊ တိုက်ပွဲဖြစ်တာမရှိပဲ ဘာကြောင့်ပစ်နေတာလဲတော့ မသိဘူး” လို့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
မနေ့(နိုဝင်ဘာလ ၁၅ရက်) မနက်ပိုင်းကလည်း နွားဘန်းကြီးရွာနေ အမျိုးသမီးငယ်တစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီးသွားသလို ညနေပိုင်းမှာ အဲဒီအမျိုးသမီးငယ်ရဲ့ မိခင်ဖြစ်သူကိုပါ လာရောက်ဖမ်းဆီးသွားပြီး အခုသတင်းရေးသားနေတဲ့အချိန်ထိ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်တုန်းကတော့ ရွာငံမြို့ဝင်စစ်ဆေးရေးဂိတ်နဲ့ အင်းဝဘဏ်ကို တော်လှန်ရေး အင်အားစုတွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ခုနှစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး နွားဘန်းကြီးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်တာဟာ ဒီဖြစ်စဉ်နဲ့ ဆက်စပ်မှု ရှိ မရှိ မဲခေါင်သတင်းဌာနက စုံစမ်းနေဆဲဖြစ်ပါတယ်။
CJ-003
#MekongNews
#ရွာငံမြို့နယ်၊
#နဘန်းကြီးရွာ
#စစ်ကောင်စီ
#လက်နှက်ကြီးပစ်ခတ်
#လက်နှက်ငယ်ပစ်ခတ်








