မိုးနဲမှာ လောင်းကစားဝိုင်းများ တိုးပွါးလာ
မဲခေါင်၊ နိုဝင်ဘာ ၁၅
ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့ထဲက နောင့်မြိုင်၊ နောင်ခမ်းနဲ့ လွယ်မြေရပ်ကွက်ထဲမှာ လောင်းကစားဝိုင်းတွေ တိုးပွါးလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
နောင်ခမ်းရပ်ကွက်ထဲမှာ အခုလ(နိုဝင်ဘာ)ထဲ အသစ်ဖွင့်ထားတဲ့လောင်းကစားရုံတစ်ခု၊ မကြာခင်ကဖွင့်ထားတဲ့ လွယ်မြေရပ်ကွက် ဦးရွှေအောင်ဘုရားအနီးမှာ လောင်းကစားရုံတစ်ခုနဲ့ လွန်ခဲ့တဲ့နှစ်လခန့်က ဖွင့်လှစ်ထားတဲ့ နောင့်မြိုင်ရပ်ကွက်၊မြို့မကျောင်းလမ်းကျော်မျက်နှာချင်းဆိုင်မှာ လောင်းကစားရုံတစ်ခု၊ စုစုပေါင်း မိုးနဲမြို့ထဲမှာလောင်းကစားရုံသုံးခု တိုးပွါးလာတာဖြစ်ပြီး ဉယာဉ်နောင်ကျော့၊ ဆည်းမြောင်း၊နာဟောင်ရပ်ကွက်တွေမှာလည်း ပိုက်ကျူးဝိုင်းတွေ ထပ်ဖွင့်ဖို့ ညှိနှိုင်းနေကြတယ်လို့ သိရပါတယ်.
လောင်းကစားရုံတွေကို အမိန့်ရပုံစံမျိုး ခရိုင်ရဲ၊ တပ်နယ်၊ မြို့နယ်ရဲ၊ အုပ်ချုပ်ရေးပိုင်းတွေကို လိုင်းကြေးပေးဖွင့်လှစ်လုပ်ကိုင်နေတာလို့ဒေသခံတစ်ဦးကပြောပါတယ်။
“တပ်၊ အရပ်အားလုံးကို ပေးထားတာ၊ ဒိုင်တွေက အခြားကလာတဲ့တရုတ်နဲ့ရဲထွက်တွေ၊ မြို့ခံတွေလဲပါတာပေါ့လေ”လို့ ဒေသခံတစ်ဦးကမဲခေါင်သတင်းဌာနကို ပြောပါတယ်။
လိုင်းကြေးတွေကတော့ နမ့်စန်ခရိုင် ဒုစရိုက်နှိမ်နင်းရေး၊ တပ်နယ်၊ ထွေအုပ်၊ ရဲမြို့နယ်မှူး၊ စခန်းမှူး၊နယ်ထိန်းတို့ကို လစဥ်ကြေးသိန်းချီပေးရပြီး ရပ်ကွက်အုပ်ချုပ်ရေးကိုတော့ သောင်းဂဏန်းပေးရတယ်လို့ သိရပါတယ်။
“မနေ့က လယ်နားရပ်ထားတဲ့ဆိုင်ကယ်ခိုးခံရတယ်၊ ဟိုနေ့ကလဲ ဆည်မြောင်းဘက်မှာ မီးကြိုးတွေခိုးခံရတယ်၊ ဒီကစားဝိုင်းတွေကြောင့် သူခိုးဆူလို့ ဒုက္ခရောက်”လို့ ဒေသနေသူတစ်ဦးကပြောပါတယ်။
တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆက်ကြေးကို တရားဝင်ပုံစံ ၆လတစ်ကြိမ်ကောက်လာတာ၊ စစ်မှုထမ်းခေါ်တဲ့ကိစ္စသာရှိနေတဲ့ မိုးနဲမှာလတ်တလော မီးကြိုးတွေခိုးခံရ၊ ဆိုင်ကယ်တွေနေ့စဉ်လိုလို ပျေက်ဆုံးတာတွေရှိလာနေတယ်လို့ သိရပါတယ်။
ရှမ်းတောင်မိုးနဲမြို့ဟာ ရှမ်းပုဂံလို့တင်စားရလောက်တဲ့အထိ ရှေးဟောင်းဘုရားကျောင်းကန်ပေါများသလို ဒေသခံတွေကလည်း အေးချမ်းစွာ သက်မွေးဝမ်းကျောင်းပြုနေကြသူများဖြစ်တယ်လို့ သိရပါတယ်။
MK – 012
#MeKongNews
#မိုးနဲ
#လောင်ကစားဝိုင်း
#လိုင်းကြေး
#မှုခင်း








