ညသန်းခေါင်ယံ မိုးကုတ်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၊ ပြည်သူသုံးဦး ပွဲချင်းပြီးသေဆုံး
မဲခေါင်၊ နိုဝင်ဘာ ၁၂
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို မနေ့ည (နိုဝင်ဘာ ၁၁) ၁၂ နာရီဝင်းကျင်ခန့်မှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူသုံးဦးသေဆုံးကာ ခုနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မိတ္ထီလာမြို့၊ ရှမ်းတဲ လေတပ်စခန်းက ပျံသန်းလာတဲ့ MiG-29 Jet Fighter တိုက်လေယာဉ်က မိုးကုတ်မြို့ လူးထနဲ့ လယ်ဦးရပ်ကွက်ကို ၃ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား သုံးဦးသေဆုံးခဲ့ပြီး ခုနှစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တဲ့အပြင် လယ်ဦးမင်္ဂလာ ဘုန်းကြီးကျောင်း အပါအဝင် လူနေအိမ် ၁၄ လုံးလည်း မီးလောင်ပြာကျ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“နတ်စင်တစ်ကြောလုံး ကြဲသွားတာ၊ မုန့်ရေပါးဆိုင်နားကျတာ၊အိမ်တွေဆို ရစရာမရှိတော့ဘူး၊ လူသေတာတော့ ပွဲချင်းပြီးပဲ၊ ရုတ်တရက်ဆိုတော့ ဘာမှကြိုပြင်ထားတာလည်း မရှိဘူးလေ၊ အခု ပြန်လာတဲ့သူတွေတောင် ပြန်ရှောင်ဖို့ လုပ်နေပြီ” လို့ လယ်ဦးရပ်ကွက်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
ဒဏ်ရာရသူတွေထဲမှာ အသက်အန္တရယ် စိုးရိမ်ရသူတွေလည်း ပါဝင်ပြီး လမ်းကြောင်း ပိတ်ဆို့မှု နောက်ဆက်တွဲ ဆေးပစ္စည်း ပြတ်လပ်မှုများကြောင့် နောက်တစ်ကြိမ် လေကြာင်းတိုက်ခိုက်မှု ထပ်လုပ်မှာကို စိုးရိမ်နေရတယ်လို့ သိရပါတယ်။
လတ်တလော မိုးကုတ်မြို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် ဖြစ်စဉ်အသေးစိတ်ကိုတော့ မဲခေါင်သတင်းဌာနအနေနဲ့ ဆက်သွယ်မေးမြန်းဖို့ ခက်ခဲနေဆဲပါ။
မိုးကုတ်မြို့ကို ဇူလိုင်လ ၂၄ ရက်မှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက်ပိုင်း ပထမဆုံး လေကြောင်းတိုက်ခိုက်ခံရတာဖြစ်ပါတယ်။
ဓါတ်ပုံ။ မိုးကုတ်သားများဆုံစည်းရာဂရုမှ
MK-014
#MeKongNews







