မဲခေါင်၊ နိုဝင်ဘာ ၈
ကရင်နီပြည်တွင် ပြည်သူ့အုပ်ချုပ်ရေးစနစ် စတင်လည်ပတ်နေပြီး ပြီးခဲ့တဲ့ သုံးလအတွင်း ရဲတပ်သား ၁၁၀ ကို ထပ်မံခန့်ထားနိုင်တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ သုံးလပတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ရဲတပ်သားသစ်များ ထပ်ခန့်နိုင်တဲ့အပြင် ရဲစခန်းနဲ့ ရဲကင်း ၃ ခုကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး အမှုပေါင်း ၄၁ ခုကို ကိုင်တွယ်နိုင်ခဲ့တယ်လို့ IEC ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
တတိယ (၃) လပတ်အတွင်း မယ်စဲ့၊ ပေါ်ဝေါ်၊ ဘောဟူဒဲနဲ့ လိုမူခိုမြို့နယ် ၄ ခုမှာလည်း ယာယီအိမ်ထောင်စု လူဦရေစာရင်း ကောက်ခံမှုပြုလုပ်နိုင်ခဲ့ပြီး နန်းမယ်ခုံ၊ လွိုင်နန်းဖနှင့် ဒီးမော့ဆို (အရှေ့) မြို့နယ်တို့မှာ ကျေးရွာအုပ်စု၊ ကျေးရွာအလိုက် လူဦးရေ ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းတွေ လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။
သုံးလအတွင်း မြို့နယ် ၅ ခုမှာ အုပ်ချုပ်ရေးအဖွဲ့တွေကို ထပ်မံဖွဲ့စည်းနိုင်ပြီး ၂၀၂၄ ခုနှစ်အတွင်း မြို့နယ်ပေါင်း ၁၆ ခုမှာ မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားနိုင်တယ်လို့ ဆိုပါတယ်။
ကျန်ရှိတဲ့ မြို့နယ်တွေကိုလည်း အိမ်ထောင်စုနဲ့ လူဦးရေအချက်အလက် ထပ်မံကောက်ခံသွားမယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် CDM ရဲများနဲ့ အမာခံဖွဲ့စည်းခဲ့တဲ့ ကရင်နီပြည်ရဲ (KSP) ဖွဲ့စည်းခဲ့သည်မှာ ယခုနှစ် သြဂုတ်လတွင် ၃ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
ကရင်နီပြည်ရဲတပ်ဖွဲ့ တည်ထောင်ခြင်း ၃ နှစ်ပြည့် သဝဏ်လွှာမှာ ရဲတပ်ဖွဲ့ကို အင်အား ၁၀၀၀ ထိ ဖြည့်တင်းဖွဲ့စည်းသွားမယ်လို့ ဆိုပါတယ်။
ပုံအညွှန်း။ ။ ယခုနှစ် ဇူလိုင်လအတွင်းမှာ လွိုင်ကော်မြို့အနီး စစ်ဆေးရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ကရင်နီပြည်ရဲတပ်ဖွဲ့ (Photo-KSP)













