မဲခေါင်၊ နို၀င်ဘာ ၈
မနေ့က(နိုဝင်ဘာ ၇) နေပြည်တော်မှာပြုလုပ်တဲ့ စစ်မှုထမ်းဖို့ ပျက်ကွက်သူတွေကိုအရေးယူမယ့် အစီအစဉ်ဟာ တော်လှန်ရေးကို အင်အားထပ်မံဖြည့်တင်းဖို့ တွန်းအားသဖွယ် ဖြစ်နေတယ်လို့သုံးသပ်ကြပါတယ်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေ အနေနဲ့ စာရင်းရေးသွင်းပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူ၊ ဆေးအောင်ပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူ၊ သင်တန်းကျောင်းကို ရောက်ရှိပြီးမှ အကြောင်းမဲ့ပျက်ကွက်သူတွေကို ဥပဒေနဲ့အညီ အရေးယူဖို့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဌ ဗိုလ်မှူးကြီး တင်အောင်ဆန်းက အမိန့်ပေးတာဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေကိုစတင်အကောင်အထည်ဖေါ်စဉ်ကတည်းက စစ်မှုထမ်းသူတွေရှိသလို စစ်မှုထမ်းလိုတဲ့ ဆန္ဒမရှိသူတချို့က တော်လှန်ရေးဘက်သွားရောက်ကြသလို တချိုက ပြည်ပထွက်ခွါကြပါတယ်။ အခုအမိန်ပေးညွှန်ကြားထားတဲ့ အရေးယူရေးအစီအမံဟာ တော်လှန်ရေးဘက်ကို အင်အားထပ်တိုးစေမယ်လို့ တော်လှန်ရေးဘက်ကသုံးသပ်ပါတယ်။
ကရင်ပြည်နယ် တောင်ညိုစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ရှိသူက” တွန်းအားတွေပေါ့ဗျာ၊ သူတို့(စစ်ကောင်စီ)တစ်ခုခုလုပ်တိုင်း ကျနော်တို့ဆီမှာအင်အားတိုးတိုးလာတယ်၊ အခု ထပ်တိုးဦးမှာပေါ့” လို့ပြောပါတယ်။
Paoh Youth Academy က ပြန်ကြာရေးတာဝန်ရှိသူတယောက်ကလည်း” စစ်ကောင်စီဆီ ဝင်မယ့်အစား တော်လှန်ရေး အင်အားစုတွေကို ရောက်လာတာတွေရှိတယ်၊ ဒီမှာက အသက်မပြည့်သေးရင် ရှေ့တန်းမသွားခိုင်းတာတွေရှိတယ်၊ ပညာရေးဖက်သွားချင်ရင်လည်း အဲ့လူငယ်တွေကို အဖွဲ့အစည်းတွေက ဖန်တီးပေးတာတွေရှိတယ်၊ တချို့လူငယ်တွေက စစ်ကောင်စီကိုတော်လှန်မယ်ဆိုပြီး ရောက်လာသူတွေလည်းရှိသလို နိုင်ရာအခန်းကဏ္ဍကနေ ထမ်းဆောင်ပေးတဲ့ သူတွေလည်းရှိတာပေါ့နော် “လို့ပြောပါတယ်။
စစ်ကောင်စီတပ် လက်အောက်ခံအဖွဲ့တွေက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိူးသားတွေကို နေအိမ်တွေထဲပါ ဝင်ရောက်ခေါ်ဆောင်သွားတာတွေ၊ ငွေကြေးတတ်နိုင်သူတွေကို လွှတ်ပေးပြီး မတတ်နိုင်သူတွေကို ရှေ့တန်း အတင်းအကြပ် စေလွှတ်တာတွေ၊ စိတ်မနှံ့သူတွေနဲ့ မူးယစ်ဆေးဝါးစွဲနေသူတွေကိုပါ ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းတာတွေရှိနေပါတယ်။
ခုနောက်ပိုင်းမှာတော့ အသက် ၃၅ နှစ်ကနေ အသက် ၆၀ အရွယ်အမျိုးသားတွေကိုလည်း စစ်မှုထမ်းခိုင်းတာတွေ၊ ရပ်ကွက်အတွင်း ကင်းစောင့်ခိုင်းတာတွေ၊ ပေါ်တာဆွဲတာတွေကို ပြုလုပ်နေပါတယ်။
“ဒီစစ်အုပ်ချုပ်ရေးကာလမှာ ကြားနေဆိုတာမရှိဘူး၊ ဒီတော့ စစ်အာဏာရှင် စနစ်က ဘယ်လိုလဲဆိုတာ စစ်အာဏာရှင် ရဲ့ အုပ်ချုပ်ခံ လူတန်းစားတွေပိုမိုသိလာတာပေါ့၊ ဓမ္မနဲ့ အဓမ္မကို မှန်ကန်အောင် ရွေးချယ်ပြီး အာဏာရှင်စနစ်ကို ဖြုတ်ချဖို့အရေးကြီးတာပေါ့”လို့ အမှတ် ၁၀၀၈ SSRYက တပ်ထောက် ကိုစိုင်းဆိုင်ဖက ပြောပါတယ်။
ခုလက်ရှိမှာ စစ်ကောင်စီတပ်က တပ်သားသစ်စုဆောင်မှုအနေနဲ့ အင်အား ၂၀၀၀၀ ကျော်အထိ စုဆောင်းထားပြီး စစ်သင်တန်း တစ်ပတ်ပဲပေးကာ ရှေ့တန်းကိုအတင်းစေလွှတ်တာတွေရှိနေတဲ့အတွက် သေဆုံးခဲ့ရသူတွေလည်း ရှိနေပါတယ်။
CJ-004








