မဲခေါင်၊ နိုဝင်ဘာ ၇
မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ကြားမှာရှိတဲ့ ဘန့်ဘွေးရွာအနီးတဝိုက် စစ်ကောင်စီနဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဒီနေ့(နိုဝင်ဘာ ၇) ညနေပိုင်းအထိတိုက်ပွဲပြင်ထန်နေပါတယ်။
တော်လှန်ရေးဘက်က တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့မန္တလေး PDF (MDY-PDF) ပူးပေါင်းထားတာဖြစ်ပါတယ်။
စစ်က္ကသိုလ်များတည်ရှိရာ ပြင်ဦးလွင်နဲ့ နောင်ချိုမြို့နယ်ကြားမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတာ လချီနေပြီး ဒီနေ့မှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့ ဘန့်ဘွေးရွာ တဝိုက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ မန္တလေး PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောပါတယ်။
“တိုက်ပွဲကြာလာတာနဲ့အမျှ နေရာအတိုး၊ အဆုတ်တွေတော့ ရှိပါတယ်” လို့ ကိုအော်စမွန်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တောင်ကြီးဘက်ကနေ တောင်ခမ်းနယ်ကို စစ်ကူပို့တာတွေရှိပြီး အတွဲလိုက်ဒုံးတွေပါ သုံးနိုင်ဖွယ်ရှိတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က သူရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
ဇူလိုင် ၁၀ ရက်မှာ နောင်ချိုမြို့ကို TNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းရော၊ လက်နက်ကြီးတွေနဲ့ပါ နောင်ချိုမြို့ကို ပစ်ခတ်တိုက်ခိုက်နေတာပါ။
မြို့သိမ်းပြီးနောက် တော်လှန်ရေးအဖွဲ့တွေဟာ မိုင် ၂၀ ခန့်ဝေးပြီး စစ်ကောင်စီအမြှောက်တပ်တွေ ရှိတဲ့ တောင်ခမ်းရွာကို ဆက်လက်ထိုးစစ်ဆင်ခဲ့ပါတယ်။
စစ်ကောင်စီဘက်ကလည်း နောင်ချိုနဲ့ ကျောက်မဲမြို့တွေက ဆုတ်လာတဲ့ တပ်တွေရယ်၊ တောင်ခမ်းမှာ ရှိတဲ့ တပ်တွေပေါင်းပြီးနောက် တော်လှန်ရေးတပ်တွေကို ခံစစ်ဆင်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က စစ်ကူတွေ ရောက်ချိန် တန်ပြန်ထိုးစစ်ဆင်မှုတွေ လုပ်နိုင်ခဲ့တာကြောင့် လက်လွှတ်လိုက်ရတဲ့ နေရာတွေလည်း ရှိလာခဲ့ပါတယ်။
ပြင်ဦးလွင်နဲ့ နောင်ချိုမြို့ကြားမှာရှိတဲ့ ဘန့်ဘွေးရွာ၊ တောင်ခမ်းရွာ၊ အုမ္မတီး၊ အုမ္မခါးရွာတွေဟာ စစ်ရေးအရ အရေးပါပြီး ဒီနေရာတိုက်ပွဲတွေ TNLA ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေတာပါ။
MK-001
ဓါတ်ပုံ- နောင်ချိုမြို့တိုက်ပွဲမှ TNLA တပ်ဖွဲ့ဝင်များ (Photo-TNLA)








