မဲခေါင်၊ နိုဝင်ဘာ ၆
ကရင်နီပြည်နဲ့ ရှမ်းပြည်တောင်ပိုင်းအစပ်ကို စစ်ကောင်စီက လေးထောင်(၄၀၀၀) ခန့် ရှိတဲ့ ထုတ်နှုတ်အင်အားကိုလျှို့ဝှက် ဖြည့်တင်းထားတယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေနဲ့ လေ့လာစောင့်ကြည့်သူတွေဆီက ပြောပါတယ်။
အဲ့ဒီဒေသကို ပြန်လည်ထိုးစစ်ဆင်ဖို့ ဖြစ်နိုင်တယ်လို့ သတင်းအရင်းအမြစ်တွေကယူဆပါတယ်။
နေပြည်တော်၊ မကွေးတိုင်း အရှေ့ခြမ်း၊ မန္တလေး၊ ရန်ကုန်တိုင်း တပ်တွေကနေ ထုတ်နှုတ်အင်အားနဲ့အတူ ပြည်သူစစ်မှုထမ်းစနစ်နဲ့ သင်တန်းဆင်း တပ်သားသစ်တွေကို ဗထူးတပ်နယ်မှာ ပေါင်းစည်းပြီး ရပ်စောက် – တောင်ကြီး – ပင်လောင်း – လွိုင်ကော်လမ်းအတိုင်း အောက်တိုလနောက်ဆုံးပတ်ကတည်းက ပို့ဆောင်နေတာဖြစ်ပါတယ်။
“မနက်စောစော ဝေလီဝေလင်းချိန်နဲ့ ညသန်းခေါင်ဆို ပို့ပြီ၊ ကျန်တဲ့အချိန်ဆို လူသိမှာ စိုးလို့ထင်တယ်” လို့ လေ့လာစောင့်ကြည့်တဲ့ သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။
တစ်ကြိမ်မှာ စစ်ကား ငါးစီး အင်အား ၂၀ခန့်စီ ပါဝင်ပြီး ရိက္ခာအပြည့် တင်ဆောင်ထားတဲ့ ကားတွေနဲ့အတူ လက်နက်ကားတွေ လည်းပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကူတွေပါလာတဲ့ ရဟတ်ယာဉ်လည်း လွိုင်ကော်လေဆိပ်မှာ နေ့စဉ်ဆင်းသက်နေပြီး တိုင်းမှူးကိုယ်တိုင် ကွပ်ကဲမှုနဲ့ မြို့တွင်းနေရာအများစုကို လုံခြုံရေးချထားတယ်လို့ သိရပါတယ်။
“သိထားသလောက်တော့ ပင်လောင်းကနေ တက်လာတဲ့ စစ်ကြောင်းက ဖယ်ခုံအထိ ထိုးမယ်၊ လွိုင်ကော်တပ်တွေကတော့ မိုးဗြဲတက်ထိုးလိမ့်မယ်၊ အခုလည်း လက်နက်ကြီးသံတွေ တောက်လျှောက်ကြားနေရတော့ လေကြောင်း သတိထားကြပါ” လို့ ဖယ်ခုံမြို့ခံ စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၃ ရက်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်မှုနဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ဖယ်ခုံမြို့အထွက် ရွက်စိမ်း စက်သုံးဆီ အရောင်းဆိုင်၊ မြို့တွင်းနေရာတွေက လင်းလင်းရွှေဆိုင်နဲ့ ဦးအောင်စိန် ငါးထပ်တိုက်တို့ အပါအဝင် လူနေအိမ် ငါးလုံးထက်မနည်း မီးလောင်ပြာကျ ပျက်စီးခဲ့ပြီး ဒီနေ့ (အောက်တိုဘာ ၆) မနက်ပိုင်းမှာလည်း လေကြောင်းမှ တိုက်ခိုက်နေဆဲဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီ ထိုးစစ်ဆင်မှုကြောင့် ပင်လောင်း – ဖယ်ခုံလမ်းတစ်လျှောက်နဲ့ ဖယ်ခုံမြို့တွင်းနေရာတွေမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲပြင်းထန်နေဆဲပါ။ နှစ်ဘက် ထိခိုက်ကျဆုံးမှု တိတိကျကျ မသိရသေးပေမယ့် စစ်ကောင်စီဖက်က ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေကိုတော့ ရပခ စစ်ဆေးရုံဝင်းထဲကို မကြာခဏ ပို့ဆောင်နေတယ်လို့ ဖြတ်သွားဖြတ်လာတွေက မြင်တွေ့နေရပါတယ်၊ ဆေးရုံလုပ်သားသတင်းအရင်းအမြစ်ကလည်း အတည်ပြုပါတယ်။
ဓါတ်ပုံ။ သတင်းအရင်းအမြစ်တွေပေးပို့တဲ့အသုံးပြုပြီးတဲ့ ပုံအဟောင်းဖြစ်ပါတယ်။
MK-014








