မဲခေါင်၊ နိုဝင်ဘာ ၅
မနေ့ ညနေ ၃ နာရီခွဲဝန်းကျင် စစ်ကောင်စီမှ ဗုံးကြဲသဖြင့် ဖယ်ခုံရှိ လင်းလင်းရွှေဆိုင် မီးလောင်ပြာကျသွားကြောင်း ဒေသခံတွေဆီကသိရပါတယ်။
လတ်တလောအနေနဲ့ ဆုံးရှုံးမှုမသိရသဖြင့် သတင်းဆက်လက် ဖေါ်ပြပေးမှာဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ကို နိုဝင်ဘာလ ပထမ ကတည်းက အပြင်းအထန် ထိုးစစ်ဆင်နေပြီး ဒေသခံတွေ စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။
ဖယ်ခုံမြို့အထွက် ရွက်စိမ်း စက်သုံးဆီ အရောင်းဆိုင်နဲ့ မိုးဗြဲမြို့အနီး ရွှေပြည်အေးနဲ့ ကသဲရွာကို မနေ့ညကတည်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်မှုအပြီးမှာ ဒေသခံတွေ စတင်တိမ်းရှောင်နေရတာပါ။
“မနေ့ည ကြဲတာ ၁၀ ကြိမ်လောက် ရှိတယ်၊ မစားရဘဲလည်း မနေနိုင်ဘူး၊ အခုက မပြေးမဖြစ်မို့လို့ ပြေးရတာ၊ကိုယ့်ရွာက ကြဲတာထဲ မပါရင်တောင် အသံတွေနဲ့ ကြောက်လို့ အိပ်မရဘူး” လို့ မိုးဗြဲမြို့ကနေ တိမ်းရှောင်လာတဲ့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်က မိုးဗြဲမြို့အနီး ဝါရီဆူးပလိုင်ကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ တပ်စွဲထားသလို မိုးဗြဲမြို့တွင်းကိုလည်း စတင် စစ်ကြောင်းထိုးနေပြီး လူဦးရေ ၁၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။
ဖယ်ခုံနဲ့ မိုးဗြဲ ဒေသခံတွေဟာ ကြိမ်ဖန်များစွာ စစ်ရှောင်ခဲ့ရပြီးနောက်ပိုင်း ငွေကြေး ခက်ခဲနေတဲ့အပြင် ဖယ်ခုံ – ပင်လောင်းလမ်း တစ်လျှောက်မှာလည်း တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် နီးစပ်ရာ တောတောင်နေရာတွေမှာသာ စစ်ဘေးရှောင်နေကြရပါတယ်။
စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်ကို သူတို့ရဲ့ သတင်းပေး ဒလန်တွေရဲ့ အကူအညီနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ မြေပြင် သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။
“မိုးဗြဲက သစ္စာဖောက်လောက်ကောင် အောင်နိုင် သတင်းပေးတာပါ၊ သူ့ကို လူတိုင်းက ရှင်းချင်နေကြတာ၊ သူက စစ်တပ်ထောက်ခံသူ၊ အာဏာသိမ်းကတည်းက ဒလန်လုပ်နေတာ၊ သူ ၄၄၂ တပ်ထဲ ဝင်ပြီးမှ Location (နေရာ) အတိအကျနဲ့ ဗုံးကြဲတာပါ” လို့ ဒေသခံကပြောပါတယ်။
မိုးဗြဲမြို့မှာ စပါးခင်းတွေကို ရိတ်သိမ်းဖို့အတွက် အောက်တိုဘာလကမှ ဒေသခံတွေကို စစ်ကောင်စီက ဝင်ခွင့်ပြုထားတာဖြစ်ပြီး စပါးမရိတ်သိမ်းရသေးခင် ပြန်လည်တိမ်းရှောင်ရတာကြောင့် လာမယ့်နှစ်တွေမှာ ဆန်ရှားပါးလာနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဖယ်ခုံ – မိုးဗြဲလမ်း၊ ကသဲကွင်းလမ်းဆုံ၊ ပင်လောင်း – ဖယ်ခုံလမ်းတို့ကို တော်လှန်ရေး အင်အားစုတွေက သွားလာခွင့် ပိတ်ထားပြီး ကျန်ရှိနေသေးတဲ့ ဒေသခံ အနည်းစုကိုလည်း ၁၀ ရက်အတွင်း တိမ်းရှောင်ကြဖို့ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖောဝါရီလ ၁၇ ရက် စစ်ကောင်စီ စစ်ကြောင်းထိုးခဲ့စဉ်တုန်းကလည်း လက်ရှိ တပ်စွဲထားတဲ့ ဝါရီဆူးပလိုင်ကျေးရွာမှာ အရပ်သား အယောက် ၂၀ သတ်ဖြတ်ခဲ့ဖူးပြီး ၄ ဦးသာ အလောင်းပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။
MK-014








