မဲခေါင်၊ နိုဝင်ဘာ ၃
တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတဲ့ ပင်လောင်း-ဖယ်ခုံနယ်စပ်က တိုက်ပွဲတွေမှာ နိုဝင်ဘာလ ၂ ရက်က PNO ဘက်က ဗိုလ်ကြီးတစ်ဦး အပါအဝင် ၅ ဦး သေဆုံးသွားတယ်လို့ တိုက်ပွဲနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
မနေ့ နိုဝင်ဘာလ ၂ ရက် ပင်လောင်း-ဖယ်ခုံနယ်စပ်က တိုက်ပွဲမှာ သေဆုံးသွားတဲ့ ပအိုဝ်းပြည်သူ့စစ် PNO/PNA တပ်ဖွဲ့ဝင် ၅ ဦးထဲမှာ ဗိုလ်ကြီးခွန်သိန်းဇော်၊ ခွန်မောင်ရွေးနဲ့ ခွန်ရဲအောင်တို့ ပါဝင်ပြီး နောက်ထပ် ၂ ဦးကိုတော့ အမည်မသိရဘူးလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က မဲခေါင်ကို ပြောပါတယ်။
“သေသွားတဲ့ ဗိုလ်ကြီးခွန်သိန်းဇော်က PNO/PNA အတွင်းရေးမှူး ခွန်သိန်းဖေနဲ့ တစ်ရွာတည်းသား။ နောင်ကားကျေးရွာသားပေါ့။ သေသွားတဲ့ ၅ ယောက်ထဲမှာ ၂ ယောက်က နောင်ကားရွာသားတွေ” လို့ သူက ပြောပါတယ်။
ပင်လောင်း-ဖယ်ခုံနယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်က ဒဏ်ရာရသူနဲ့ သေဆုံးသူတွေကို တောင်ကြီးစစ်ဆေးရုံကို အဓိကထား ပို့ဆောင်နေပြီး တချို့ကို အရပ်ဝတ်လဲကာ စဝ်စံထွန်းဆေးရုံကို ပို့ဆောင်တယ်လို့ စစ်ဆေးရုံနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
နိုဝင်ဘာ ၂ ရက် နေ့လည် ၂ နာရီခန့်ကလည်း စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်က ဒဏ်ရာရ အချို့ကို စစ်ကားနဲ့ သယ်ဆောင်လာပြီး ကျောက်တစ်လုံးလမ်းဘက်ကနေ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း မောင်းနှင်ကာ ရပခ စစ်ဆေးရုံထဲ မောင်းဝင်သွားတယ်လို့ စစ်တပ်ဝင်းနဲ့ နီးစပ်တဲ့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။
“နေ့လည်က အရှိန်တော်တော် ပြင်းတယ်။ ကားပေါ်မှာက PNO ၄ ယောက်လုံး ပက်လက်လှန်နေပြီ” လို့ သူက ပြောပါတယ်။
ပင်လောင်း-ဖယ်ခုံနယ်စပ်က ဒေသတွေမှာ စစ်ကောင်စီက ပအိုဝ်းပြည်သူ့စစ် – PNO/PNA အားကိုးနဲ့ အင်အားသုံးထိုးစစ်ဆင်နေတာ ၂ လနီးပါးရှိပြီဖြစ်ပြီး ၂ လတာကာလအတွင်း စစ်ကောင်စီဘက်က ဒဏ်ရာရနဲ့ သေဆုံးသူ ၁၀၀ နီးပါး တောင်ကြီးစစ်ဆေးရုံနဲ့ စဝ်စံထွန်းဆေးရုံကို ရောက်လာတယ်လို့ ဆေးရုံနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း သေဆုံးသူ ၁၀ ဂဏန်းနဲ့အထက်ရှိပြီး စခန်းတချို့လည်း နောက်ဆုတ်ပေးရတာရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
အခုနိုဝင်ဘာလ အစပိုင်းမှာ စစ်ကောင်စီဘက်က တတိယအကြိမ်အဖြစ် ပင်လောင်း-ဖယ်ခုံနယ်စပ်ကကျေးရွာတွေထံ ထိုးစစ်စစ်ဆင်လာပြီး အဲဒီထိုးစစ်ကြောင့် ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စုထဲမှာ ပြည်သူတစ်ထောင်ကျော်လောက် စစ်ဘေးရှောင်ရတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးသူတွေထံက သိရပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့မှာ ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုက လွယ်ဟွဲရွာ၊ လွယ်လုံရွာ၊ စက်တော်ရွာနဲ့ ခေါင်းအိရွာတို့က ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေးရှောင် ၁၁၀၀ ကျော်ကို စစ်ဘေးလွတ်ရာသို့ တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ လူမှုကူညီသူတစ်ဦးက ပြောပါတယ်။
နမ့်ဖာမူအောက်ဖက်ရွာ၊ ဟုန်ဝိုးရွာ၊ ဆောင်လန်ရွာ၊ ဒေါပေါကလဲရွာတွေကို နိုဝင်ဘာလ ၂ ရက် မနက်ပိုင်းက PNO က မီးရှို့ခဲ့ပြီး စပါးရိတ်ပြန်လာသူတွေကိုလည်း သေနတ်နဲ့လိုက်ပစ်တယ်လို့ သူကပြောပါတယ်။
စစ်ကောင်စီရဲ့ ၂ လတာထိုးစစ်အတွင်း ပင်လောင်း-ဖယ်ခုံနယ်စပ် ကျေးရွာ ၂၀ ကျော်က ပြည်သူတစ်သောင်းကျော် စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ စစ်ဘေးရှောင်အရေးကူညီသူတွေက ပြောပါတယ်။
စစ်ကောင်စီဟာ ပင်လောင်း-ဖယ်ခုံနယ်စပ်ကို ထိုးစစ်ဆင်ဖို့ လနဲ့ချီအင်အားဖြည့်တင်းထားပြီး ပအိုဝ်းပြည်သူ့စစ် PNO/PNA တပ်သားသစ်နဲ့ စစ်မှုထမ်းဥပဒေအရ စုဆောင်းထားတဲ့တပ်သားသစ်တွေ အပါအဝင် စုစုပေါင်း အင်အား ၂သောင်းခန့်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အဲဒီထဲမှာ ပအိုဝ်းပြည်သူ့စစ် PNO/PNA က အဓိက အင်အားဖြည့်တင်းထားပြီး တပ်သားသစ် ၁၅၀၀၀ ခန့်စုဆောင်းထားကာ အဲဒီတပ်တွေကို PNO ရဲ့ ခရိုနီစစ်ဦးစီးချုပ် နေဝင်းထွန်းကိုယ်တိုင် ဦးစီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပအိုဝ်းပြည်သူ့စစ် PNO/PNA ဟာ သူ့ဒေသဖြစ်တဲ့ တောင်ကြီး၊ ပင်လောင်း၊ ဆီဆိုင်မြို့နယ်တွေအတွင်းက ပအိုဝ်းကျေးရွာတွေမှာ တပ်သားသစ်အဓမ္မစုဆောင်းတာ၊ ဆပ်ကြေးကောက်တာတွေ ပြုလုပ်ထားပြီး အောက်တိုဘာလအတွင်းမှာ အင်အား ၂ သောင်းခန့် ထုတ်ပြထားပါတယ်။



ပုံအညွှန်း (၁) – PNO တပ်မှ သေဆုံးသူ ဗိုလ်ကြီးခွန်သိန်းဇော်
ပုံအညွှန်း (၂) – ပင်လောင်း-ဖယ်ခုံနယ်စပ်မှ ပြည်သူများ စစ်ရှောင်နေစဉ်








