မဲခေါင်၊ အောက်တိုဘာ ၃၁
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ပြီးခဲ့တဲ့ ၂ ရက်ဝန်းကျင်ကစပြီး လိုင်စင်မဲ့ကားတွေကို တန်ဆောင်တိုင်ပွဲကာလ စီမံချက်အရ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ယာဉ်တွေထဲမှာ စစ်ဘေးရှောင်တွေရဲ့ ယာဉ်အများဆုံး ပါဝင်ပြီး အရင်ကလို ဒဏ်ကြေးနဲ့ ပြန်ထုတ်ခွင့် မရှိဘဲ အပြီးသတ် သိမ်းယူတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျမအသိ ပါသွားတာ ၃ ယောက်ရှိပြီ။ စစ်ရှောင်ပြောလည်း မရဘူးနော်။ သူတို့ ခေါ်ထားတဲ့ နေ့စားသမားတွေက ကားပေါ်အကုန်မတင်ပြီး သိမ်းတာ။ ဘာချလန်မှ မပေးဘူး” လို့ ယာဉ်သိမ်းဆည်းခံရသူနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
တောင်ကြီးမြို့ရှိ ဝါးပြားလမ်းဆုံ၊ ဧရာဝတီလမ်းဆုံ၊ ချယ်ရီကွင်းလမ်းဆုံ၊ ၃ လမ်းဆုံ၊ အထက ၅ လမ်းဆုံ နေရာတွေအပြင် လမ်းဆုံလမ်းခွတိုင်းမှာ ယာဉ်ထိန်းရဲနဲ့ စစ်ကောင်စီ ပူးပေါင်းအဖွဲ့တွေ လှည့်လည်သွားလည်ပြီး ရှာဖွေဖမ်းဆီးနေတာပဲ ဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေအနေနဲ့ အချိန်မီ သတင်းမရရှိတာ၊ အရင် သူတို့နေထိုင်တဲ့ မြို့တွေမှာ ဖမ်းဆီးခံရတဲ့ အတွေ့အကြုံမရှိဖူးတာတွေကြောင့် မကြာခဏ ဖမ်းဆီးခံနေရပြီး မဲခေါင်သတင်းရဲ့ လက်လှမ်းမီသမျှ စုံစမ်းထားချက်အရ ကား အစီးရေ ၁၄ စီးနဲ့ ဆိုင်ကယ် ၈ စီးခန့် ရှိပြီလို့ သိရပါတယ်။
“ဒီတစ်ကြိမ်က တော်တော်ဆိုးတယ်။ ရပ်ကွက်လမ်းကြားတွေအထိ အုပ်စုလိုက် ဝင်လာပြီး ဖမ်းတာ။ ဟိုဘက်လမ်းတွေ့လို့ ဒီဘက်လမ်း ပြေးရင် အဲလမ်းထိပ်မှာကို သူတို့ ခေါင်းဖြူဖြူတွေ အရင်ဆုံး မြင်ရတယ်။ ကျောင်းသားတစ်ယောက်ဆို အဆောင်ထိဝင်ဖမ်းပြီး တခါတည်း ကားနဲ့တင်သွားတာ” လို့ တက္ကသိုလ်အနီးတစ်ဝိုက် နေထိုင်သူ တစ်ဦးက ပြောပါတယ်။
တက္ကသိုလ်၊ စာသင်ကျောင်းနဲ့ ဆေးရုံအနီးတစ်ဝိုက်နေရာတွေကို အရင်က နားလည်မှုနဲ့ ခွင့်ပြုထားပေမယ့် အခုတစ်ကြိမ်မှာ ဖမ်းဆီးနေပြီး ရိုးရာဝတ်စုံဝတ်ရတဲ့ လူတွေကိုလည်း ခေါင်းပေါင်းပေါင်းခွင့် မပြုတော့ဘဲ ဆိုင်ကယ်ဦးထုပ် ဆောင်းခိုင်းနေတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်အတွင်းရှိ ယာဉ်အများဟာ လိုင်စင်မဲ့တွေဖြစ်ပြီး အဲဒီ လိုင်စင်မဲ့ယာဉ်တွေကို တင်သွင်းရာမှာလည်း စစ်ကောင်စီ ရာထူးကြီးပိုင်းနဲ့ စစ်ဆေးရေးဂိတ်တွေက ပါဝင်ပတ်သက်နေတယ်လို့ သိရပါတယ်။
ဒုစစ်ခေါင်းဆောင် ဦးဆောင်တဲ့ ကုန်စည်ကြီးကြပ်ရေးအဖွဲ့က နယ်စပ်ကနေ စီးဝင်နေတဲ့ တရားမဝင်ကုန်စည်တွေကို ထိန်းချုပ်ဖို့ ညွှန်ကြားထားတာကြောင့် အခုလို လိုက်လံဖမ်းဆီးနေတာပဲ ဖြစ်ပါတယ်။
MK-014









