မဲခေါင်၊ အောက်တိုဘာ ၂၉
ရှမ်းပြည်တောင်ပိုင်း ၊ ရွာငံ-ဟံမြင့်မိုရ်လမ်းပိုင်းမှာ အောက်တိုဘာလ ၂၈ ရက်နေ့လည်ပိုင်းက ဘုရားဖူးကားတစ်စီး ချောက်ထဲ ထိုးကျသွားပြီး ခရီးသည် ၇ ဦးသေဆုံးသွားတယ်လို့ ရွာငံနာရေးကူညီမှုအသင်းနဲ့ရွှေငှက်ဂူအဖွဲ့ထံက သိရပါတယ်။
ရွာငံ-ဟံမြင့်မိုရ်လမ်းပိုင်း၊ ရွာငံနဲ့ သံဘိုရွာကြားက ယုန်တောင်နဲ့စခန်းကြီးအနီး တောင်အဆင်းလမ်းမှာ နေ့လယ် ၂ နာရီခန့်က မီနီဘတ်စ်အမျိုးအစားဘုရားဖူးကား ပေ ၃၀၀ ခန့် နက်တဲ့ လမ်းဘေးချောက်ထဲ အရှိန်လွန်ထိုးကျသွားတာပါ။ ဘုရားဖူးကား ၃စီးအနက် အဝါရောင်တစ်စီး ကျသွားတာဖြစ်ပြီး အဲဒီကားတွေဟာ ဟဲဟိုးမှာ ကထိန်ခင်းပြီး စစ်ကိုင်းဘက်ကထိန်ဆက်ခင်းဖို့သွားတဲ့ကားတွေဖြစ်တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။
ချောက်ထဲကျသွားတဲ့ ဘုရားဖူးကားပေါ်မှာ လူ၃၁ ဦးလိုက်ပါလာပြီး ၇ဦးသေဆုံးရာမှာ အသက်၄၀အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး ၆ဦး ဖြစ်တယ်လို့ ကူညီပေးသူတွေထံက သိရပါတယ်။ လူ ၂၀ခန့်လည်း ဒဏ်ရာရပြီး အဲဒီထဲက တချို့က စိုးရိမ်ရတယ်လို့ ရွှေငှက်ဂူအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ဆရာတော် ဒကာ၊ ဒကာမတွေကို လိုက်အားပေးနေတယ်။ ကလေး၄ယောက်ကတော့ဘာမှမဖြစ်ဘူး။ ဒရိုင်ဘာက အဝတ်လှမ်းယူရင်း လီဘာကိုနင်းမိလို့ အရှိန်လွန်ကျတာလို့ပြောနေကြတယ်”လို့ သူက ပြောပါတယ်။
ကား၃စီးအနက် ကားအဝါပေါ်မှာ ကျား၅ဦး၊ သီလရှင်ငယ်တွေ အပါအဝင် မ၂၂ဦးနဲ့ ကလေး၄ဦးအပါ စုစုပေါင်း ၃၁ဦးလိုက်ပါ လာတာလို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကအဆိုပါ ရွာငံလမ်းပိုင်းမှာ ဘုရားဖူးကား ချောက်ထဲထိုးကျပြီး လူ ၁၅ ဦးသေဆုံးခဲ့တာလည်းရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဓာတ်ပုံ – ရွာငံလူမှုကူညီရေးအသင်း
MK – 012








