မဲခေါင်၊ အောက်တိုဘာ ၂၉
ရှမ်းမြောက် တအာင်းအမျိုးသားလွတ်မြောက်ရေး TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲလို့ စစ်သုံ့ပန်းများထားရှိနေရာ အဆောက်အဦး ထိမှန်တာကြောင့် စစ်သုံ့ပန်းအပါ ၁၂ ဦးသေဆုံးသွားတယ်လို့ (MDY-PDF) က ဒီနေ့ အောက်တိုဘာ ၂၉ မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့ ညနေ ၇ နာရီခွဲအချိန်မှာ စစ်ကောင်စီဟာ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စစ်ဆင်ရေးများအတွင်းဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းများထားရှိတဲ့ အချုပ်ဆောင်ကို လေကြောင်းနဲ့ ၂ ကြိမ်တိုက်ခိုက်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါ လေကြောင်းနဲ့တိုက်ခိုက်မှုကြောင့် ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနဲ့ အခြားစစ်သုံ့ပန်းများထားတဲ့ နေရာကို ထိမှန်ခဲ့ပြီး စစ်သုံ့ပန်း ၈ ဦးအပါအဝင် ၁၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေ အယောက် ၆၀ ဝန်းကျင်ရှိခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)တပ် အနေနဲ့ စစ်ဆင်ရေးအတွင်းမှာ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို သုံ့ပန်းဉပဒေနဲ့အညီ ကောင်းမွန်စွာထိန်းသိမ်းထားပြီး အကြမ်းဖက်စစ်ကောင်စီတို့ တပ်ဖွဲ့ဝင်ဟောင်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတယ်လို့ MDY-PDF တို့ မြင်တွေ့နေရတယ်လို့ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းများ ထိခိုက်ဒဏ်ရာရှိသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ဆေးကုသမှုကို လုပ်ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
နောင်ချိုမြို့နယ်ကို တအာင်းတပ်(TNLA)နဲ့ ပူပေါင်းတပ်ဖွဲ့တို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာတော့ နောင်ချိုမြို့နယ် ဂန့်ကော်ကျေးရွာနဲ့ တောင်ခမ်းကျေးရွာမှာတော့ တအာင်းတပ်(TNLA)နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
MK 11













