မဲခေါင်၊ အောက်တိုဘာ ၂၆
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လွယ်ကျိုင်းကျေးရွာကို စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်(PNA) ပူးပေါင်းတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
လွယ်ကျိုင်းကျေးရွာက နေအိမ်တွေကို တော်လှန်ရေးထောက်ပို့တယ်လို့ စွပ်စွဲချက်နဲ့ အောက်တိုဘာလ ၂၂ ကနေ ၂၅ အထိ မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာခံတွေကိုလည်း မောင်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
“ဘယ်လောက် ပျက်စီးလဲတော့ မသိရသေးဘူး။ ရွာပြန်ရောက်မှပဲ တိတိကျ ပြောလို့ရမယ်။ နေ့တိုင်းတော့ မီးရှို့နေတယ်” လို့ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။
မနေ့က တစ်နေ့ကုန်နီးပါး လွယ်ကျိုင်းရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို လက်ရှိ မြေပြင်အခြေအနေအရလည်း ရွာထဲကို စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်ဖက်က ပွိုင့်ဖိုက် လက်နက်ကြီးနဲ့ ပစ်ခတ်နေဆဲ ဖြစ်ပါတယ်။
အလားတူ အောက်တိုဘာလ ၂၄ ရက်နေ့ ညကလည်း ပင်လောင်းမြို့နယ်၊ နောင်ဝိုးကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ ကျောင်းဆောင်အများစု ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“နောင်ဝိုးကတော့ လူလည်း မရှိတော့ဘူး။ သူတို့ ခဏခဏပစ်တဲ့ နေရာလို့တောင် ပြောလို့ရတယ်။ လက်နက်ကြီးကျတာတောင် မဆန်းတော့ဘူး” လို့ နောင်ဝိုးရွာခံ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း၊ ဒုတိယပိုင်း ၂ ခုလုံးမှာ နောင်ဝိုးကျေးရွာကို လက်နက်ကြီးနဲ့ လေကြောင်း အများဆုံး တိုက်ခိုက်ခဲ့ပြီး ဘုန်းကြီးကျောင်း၊ လူနေအိမ်၊ လမ်းတံတားများစွာ ပျက်စီးခဲ့ပါတယ်။
လတ်တလော ပင်လောင်း – ဖယ်ခုံလမ်းတစ်လျှောက်က ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ညောင်ရွှေမြို့နယ်တို့က ကျေးရွာတွေမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲဖြစ်ပွားနေပြိး ကျေးရွာပေါင်း ၂၅ ရွာခန့် စစ်ဘေးရှောင်နေရတယ်လို့ စုံစမ်း သိရပါတယ်။
MK-014








