မဲခေါင်၊ အောက်တိုဘာ ၂၅
ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ရဲ့ တပ်ရင်း ၂ က နယ်မြေလုံခြုံရေးနဲ့ စစ်ရေးပြင်ဆင်မှု ပုံရိပ်တွေကို အောက်တိုဘာလ ၂၄ ရက်နေ့က ချပြခဲ့ပါတယ်။
အောက်တိုဘာလ တတိယအပတ်ထဲမှာ လွိုင်ကော်မြို့နဲ့အနီးတဝိုက် လုံခြုံရေးအတွက် ကင်းစခန်းတွေကို လိုက်လံစစ်ဆေးတာနဲ့ အခြား စစ်ရေးပြင်ဆင်မှုကိစ္စတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
” ပြည်သူတွေနဲ့ ထိတွေ့တာမျိုးတော့ မဟုတ်ပါဘူး။ နယ်မြေလုံခြုံရေး သဘောသဘာဝအတိုင်း လုံခြုံရေးထွက်တယ်။ စစ်ဆင်ရေးအနေနဲ့ သွားတာရှိပါတယ်။ ပြည်သူလူထုနဲ့ ထိတွေ့တာတော့ မရှိပါဘူး။ ကျွန်တော်တို့က တပ်ပိုင်းဆိုင်ရာဖြစ်တော့ ကာကွယ်ရေးအနေနဲ့ သွားတာရှိမယ်ခင်ဗျ”
ကရင်နီပြည်နယ်ရဲ့ နယ်စပ်ဒေသတွေဖြစ်တဲ့ ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်က ကျေးရွာအချို့မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း ထိခိုက်သေဆုံးတာတွေရှိပေမယ့် အရေအတွက် အတိအကျကို မသိရသေးဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ ဒရုန်းနဲ့ ဗုံးကြဲတာတွေကို ပြုလုပ်နေတယ်လို့ သိရပါတယ်။
Cj-004

















