မဲခေါင်၊ အောက်တိုဘာ ၂၄
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့မှာ တိုးချဲ့ဖွင့်လှစ်ထားတဲ့ စစ်မှုထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းကို စစ်ကောင်စီက စစ်မှုထမ်းအသစ်တွေ ခေါ်ယူပြီး နေ့စဉ်ပို့ဆောင်နေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဲဒီ စစ်မှုထမ်းတွေကို စစ်ကောင်စီက သူတို့ စိုးမိုးထားနိုင်တဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးတိုင်း အရှေ့ခြမ်းတို့က ခေါ်ယူထားပြီး ရှမ်းပြည်တောင်ပိုင်းက ခေါ်ယူထားသူတွေ မပါဝင်ဘူးလို့ စစ်မှုထမ်းလေ့လာစောင့်ကြည့်ရေး အဖွဲ့ရဲ့ သုတေသီ တစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီရဲ့ လုပ်ရိုးလုပ်စဉ်က ကိုယ့်နယ်မှာ ဖွင့်ထားတဲ့သင်တန်းကျောင်းကို နယ်ခံတွေ ဘယ်တော့မှ မပို့ဘူး။ ထွက်ပြေးမှာ ကြောက်လို့လေ။ ကျနော်တို့ ရှေ့အပတ်စဉ်တွေတုန်းကဆို စစ်ကိုင်းဘက် ခေါ်လာတဲ့လူကို ပဲခူးကို ပို့တယ်။ နောက်ပြီး ရှမ်းပြည်ကလူတွေဆို ရမဲသင်း၊ ပုသိမ်၊ သထုံ အဲလိုပေါ့နော် ဝေးဝေးလံလံနေရာတွေကို ပို့တာ တွေ့ရတယ်ပေါ့နော်”လို့ သူက ပြောပါတယ်။
ဟိုပုံးမြို့၊ တပ်မတော်ကွန်ပြူတာနှင့် နည်းပညာသိပ္ပံကျောင်းမှာ အောက်တိုဘာလ ၂၁ ရက်နေ့က စစ်မှုထမ်းလေ့ကျင့်ရေး သင်တန်းကျောင်း အသစ်ကိုတိုးချဲ့ ဖွင့်လှစ်ထားပြီး အထက်ပါနေရာတွေကနေ ခေါ်ယူထားတဲ့ စစ်မှုထမ်းအသစ်တွေကို ရပ်စောက် – တောင်ကြီး – ဟိုပုံး လမ်းအတိုင်း နေ့စဉ်ပို့ဆောင်နေတာပါ။
စစ်ကောင်စီက စစ်မှုထမ်းအသစ်တွေကို မနက် အာရုဏ်တက်ချိန်နဲ့ ညသန်းခေါင်ယံရောက်ခါနီးအချိန်တွေမှာ ပို့ဆောင်လေ့ရှိပြီး စစ်ကား၊ Faw ကား၊ 4 Weel တွေ အသုံးပြုနေတယ်လို့ ဆိုပါတယ်။
“သူတို့စဖွင့်တာက တနင်္လာနေ့လောက် ထင်တယ်။ ရပ်စောက်ကနေ စစ်ကားအပြည့်နဲ့ တင်ခေါ်လာတာ။ ရိက္ခာအပါဆို အစီး ၅၀ လောက် ရှိတယ်။ အကုန်လုံးကတော့ လူသစ်တွေပဲ။ တော်တော်လည်း ငယ်သေးတယ်။ ကျန်တဲ့ရက်တွေလည်း ၃ စီးကနေ ၆ စီးကြား နေ့တိုင်း ပို့နေတယ်” လို့ စစ်ကားလေ့လာစောင့်ကြည့်နေတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်မှုထမ်းဥပဒေအရ အပတ်စဉ်တစ်ခုမှာ လူဦးရေ ၅ ထောင်သာ ခေါ်ယူသွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပေမယ့် လက်ရှိမှာ စစ်မှုထမ်း ဥပဒေအတွက်သာမက တပ်မများအလိုက် တပ်သားသစ်စုဆောင်းရေး အနေနဲ့လည်း ပေါ်တာဆွဲ ခေါ်ယူခဲ့ပြီး ပြီးခဲ့တဲ့ စစ်မှုထမ်း အပတ်စဉ် ၃၊ ၄၊ ၅ အတွင်း စစ်မှုထမ်းအသစ် စုစုပေါင်း ၂၁,၀၀၀ အထိ ခေါ်ယူခဲ့တယ်လို့ BACS ရဲ့ လေ့လာချက်အရ သိရပါတယ်။
စစ်မှုထမ်းသင်တန်းကျောင်းတွေကို မင်းကုန်း (လှည်းကူး)၊ ရမည်းသင်း၊ ပင်လောင်း၊ ရွှေမြင်တင် (ပုသိမ်)၊ ရွှေဘို၊ ဇရစ်ချောင် (သထုံ)၊ ဂျိုးဖြူ (တိုက်ကြီး)၊ ဥတ္တရသီရိ၊ သံဖြူဇရပ်၊ ကွင်းကောက် (အင်္ဂပူ)၊ တန့်ယန်း၊ ကျိုင်းတုံ၊ ဗထူး ၁၊ ဗထူး ၂၊ ဟိုပုံးမြို့တို့မှာ ဖွင့်လှစ်ထားပြီး တန့်ယန်းမြို့က လူအင်အားအများဆုံး ဖြစ်တယ်လို့ စစ်ကောင်စီဖက်က ဖော်ပြထားပါတယ်။
ရှမ်းပြည်တောင်ပိုင်းမှာ အောက်တိုဘာလအတွင်း စစ်ကောင်စီတင်မက ပအိုဝ်းပြည်သူ့စစ် (PNA)နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော်(RCSS/ SSA)ကလည်း တပ်သားသစ်အပြိုင် စုဆောင်းနေကြပါတယ်။
MK-014








