မဲခေါင်၊ အောက်တိုဘာ၂၁
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရဲ့ မီးပုံးပျံပွဲကိုလာမယ့် နိုဝင်ဘာလထဲမှာ ကျင်းပမယ်လို့ တောင်ကြီးသားတွေထံက သိရပါတယ်။
ပြုလုပ်မယ့်တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို အဝေရာ မီးပုံးပျံကွင်းမှာ နိုဝင် ဘာလ ၉ ရက်ကနေ ၁၅ ရက်နေ့(တန်ဆောင်မုန်းလပြည့်နေ့အထိ)အထိ ၇ ရက်ကြာ ကျင်းပသွားမှာလို့ စစ်ကောင်စီရဲ့ပွဲတော်ကျင်းပရေး ကော်မတီ ကပြောကြောင်း မီးပုံးပျံအဖွဲ့တစ်ဖွဲ့ထံက သိရပါတယ်။
“တောင်ကြီးသားဆို မီးပုံးပျံပွဲဆို အဝေးကတောင် အရောက်ပြန်လာကြတာပါ၊ ခုကစစ်တပ်က ဒါကို ခုတုံးလုပ်ပြပြီး တိုင်းပြည်အေးချမ်းနေသယောင် ဂျင်းထည့်ပြမှာ ၊ တောင်ကြီးသားတွေ ဂျင်းထည့်မခံပါနဲ့၊ တော်လှန်ရေး မအောင်မြင်ခင် မပျော်ချင်ပါနဲ့လို့ တိုက်တွန်းပါရစေ”လို့ တောင်ကြီးကတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီကတော့ မီးပုံးပျံအဖွဲ့တွေ အားလုံး မဖြစ်မနေပါဝင်ဖို့ပြောနေပြီး ပွဲတော်ရက်တွေအတွင်း မီးပုံးပျံ နေ့လွှတ်ပြိုင်ပွဲနဲ့ ညလွှတ်ပြိုင်ပွဲတွေ အများအပြားပါဝင်အောင် ဖိအားပေးနေတယ်လို့ သိရပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ကိုဗစ်ကပ်ရောဂါနဲ့ နွေဦးတော်လှန်ရေးကြောင့် ၃နှစ်ကြာ ရပ်နားခဲ့ရပြီး မနှစ်၂၀၂၃ ခုနှစ်က မှ စစ်ကောင်စီက အတင်းအကြပ်ဖိအားပေး ကာပြန်လည်ကျင်းပခဲ့စေခဲ့တာ့ဖြစ်ပြီး ဒီနှစ်ကိုလည်း မနှစ်ကလိုပဲ ဖိအားပေးနေတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်က တောင်ကြီးမီးပုံးပျံပွဲကို တောင်ကြီးဒေသခံတွေထက် ရပ်ဝေးကလာသူသာများပြားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ PNOတွေ၊ တချို့ မီးပုံးပျံအဖွဲ့တွေကပဲ လူစည်ကားသယောင်ဖြစ်အောင် နေ့လွှတ်မီးပုံးပျံ ၆၃ လုံးနဲ့ ညလွှတ် မီးပုံးပျံ ၆၃ လုံး ယှဉ်ပြိုင် လွှတ်တင်ခဲ့တာလို့ သိရပါတယ်။
မြို့တည် ခရစ်နှစ် ၁၈၉၄ခုနှစ် ကစလျင်သက်တမ်း နှစ်ပေါင်း၁၃၀နှစ်ရှိခဲ့ပြီးဖြစ်သည့် တောင်ကြီးမြို့ရဲ့တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို မြို့သက်တမ်း ၄၇ နှစ် ၁၉၄၁ ခုနှစ် ဒုတိယကမ္ဘာစ်ကာလမှာ ကုန်းသာဘုန်းတော်ကြီးကျောင်းက စတင်ခဲ့တာလို့ တောင်ကြီးမြို့ မီးပုံးပျံကျင်းပရေးကော်မတီကပြုစုထားတဲ့သမိုင်းအရ သိရပါတယ်။
အဆိုပါကော်မတီမှတ်တမ်းအရ ၂၀၁၈ ခုနှစ်မှာ နေ့လွှတ် ညလွှတ် ၄၁၄ လုံးရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ကလည်း ၃၉၃ လုံးရှိခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။
MK-012








