မဲခေါင်၊ အောက်တိုဘာ ၁၉
ရှမ်းအရှေ့ တရုတ်-ထိုင်း-မြန်မာကုန်သွယ်ရေးမှာ စစ်ကောင်စီရဲ့ တရားမဝင်ငွေကြေးကောက်ခံမှုများပြားနေတာကြောင့် ပြည်တွင်းကုန်ဈေးနှုန်းကျဆင်းခြင်းမရှိတာဖြစ်တယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။
တရုတ်ကုန်စည်တွေအများဆုံးတင်သွင်းနေတဲ့ မိုင်းလားနဲ့ ထိုင်းကုန်စည်တင်သွင်းတဲ့ တာချီလိတ် ကုန်သွယ်ရေးလမ်းကြောင်းကနေ ကျိုင်းတုံ-တောင်ကြီးကနေတဆင့် ပြည်တွင်းကို ကုန်စည်ပို့ဆောင်ရာမှာ လမ်းကြောင်းတစ်လျောက် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို တရားမဝင် ဂိတ်ကြေးပေးဆောင်တာများနေတာကြောင့် ပြည်တွင်းကုန်ဈေးနှုန်းကျဆင်းခြင်းမရှိတာပါ။
ကုန်ကားတွေအနေနဲ့ ဖြတ်သန်းရာမြို့အလိုက် ကျိုင်းတုံ-တောင်ကြီး လမ်းတစ်လျှောက် သက်ဆိုင်ရာ စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့ တွေကို ကုန်ကားတစ်စီး ဂိတ်ကြေး အနည်းဆုံး ကျပ်သိန်း၂၀ ကနေ ကျပ်သိန်း ၅၀ အထိ ကုန်စည်အလိုက် တရားမဝင် ပေးဆောင်နေရတယ်လို့သိရပါတယ်။
“လမ်းကပျက်၊ ဆီဈေးတွေကတက် ဂိတ်ကြေးတွေကများတော့ ကုန်ဈေးနှုန်းလဲ မကျနိုင်ဘူး၊ တရားမဝင်ကော တရားဝင် ပေးနေရတာ၊ ဒီကြားထဲမထင်ရင် မထင်သလိုရစ်တာလဲခံရတယ်”လို့ ကုန်ကားမောင်းသူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီက သွင်းကုန် မူဝါဒအမျိုးမျိုးပြောင်းလဲနေပြီး သွင်းကုန်းပစ္စည်း ဂျူတီချပေးတာ နှောင့်နှေးကြန့်ကြာပြီး လိုအပ်သလောက် ကုန်စည်သွင်းခွင့်မပြုတာကြောင့် ကုန်သည်တွေအနေနဲ့ အခက်အခဲတွေ့နေရပြီး ပြည်တွင်းကုန်စည်ရှာပါးကာ ကုန်ဈေးနှုန်းတက်နေတာဖြစ်တယ်လို့ သိရပါတယ်။
တရားမဝင်ကုန်သွယ်မှုကို တားဆီးနိုင်ဖို့ စစ်ကောင်စီဗဟိုအစိုးရအဖွဲ့က ကြိုးစားနေပေမယ့် မြေပြင် စစ်ကောင်စီတပ်သားတွေကိုယ်တိုင် ငွေကြေးရယူ တရားမဝင်ငွေကြေးကောက်ခံနေတာဖြစ်ပါတယ်။
ISP Myanmar ရဲ့ ထုတ်ပြန်ချက်တွေအရ နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ မှ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းထားတဲ့ ၄ နှစ်တာကာလအတွင်း ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံကျော်ရရှိခဲ့ပြီး လက်ရှိမှာ နယ်စပ်ကုန်သွယ်မှုရဲ့ သုံးပုံတစ်ပုံကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
MK-002








