မဲခေါင်၊ အောက်တိုဘာ ၁၈
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီရဲ့ အမြောက်တပ် တပ်စွဲထားတဲ့ စွယ်တော်ကုန်းကို သိမ်းပိုက်ခဲ့တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်တွေကို ပြည်သူတွေကို အောင်သပြေနဲ့ ကြိုဆိုခဲ့ကြပါတယ်။
လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီရဲ့ နယ်စပ်ခြေကုတ်အမြောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNDO) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ၁၇ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
အဲ့ဒီ့အမြောက်တပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြန်လမ်းကို ပြည်သူတွေက ဒီနေ့မှာ အောင်သပြေနဲ့ ကြိုဆိုခဲ့ကြတာပါ။
စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းဟာ ၂၀၀၃ ခုနှစ်မှ စတင်ကာ ထိုင်း−မြန်မာ နယ်စပ်တပ်စခန်း အဖြစ် စတင်တပ်စွဲခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံတပ်များ တာဝန်ယူခဲ့ကာ စစ်တပ်အာဏာသိမ်း အချိန်မှစပြီး တပ်မ (၂၂) တပ်မ (၄၄) နဲ့ ကမ်းရိုးတမ်းတပ်များပါ လာရောက်တပ်စွဲခဲ့သော တပ်စခန်းတစ်ခု ဖြစ်ပါတယ်။
အဲ့ဒီ့တပ်စခန်းဟာ လေကေ့ကော် မြို့သစ်သို့ ကျူးကျော် တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ အချိန်မှစပြီး မြဝတီနဲ့ ဖလူးဒေသကို လက်နက်ကြီးများနှင့် ပစ်ခတ်နေတဲ့ စခန်းဖြစ်ပါတယ်။
အဲ့ဒီတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တို့မှ (၇) လကြာ ဝန်းရံ ပိတ်ဆို့ပြီးနောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်သုံ့ပန်းတွေနဲ့ (၁၂၀) မမ လက်နက်ကြီး (၂) လက်၊ ပွိုင့်ဖိုက် (၁) လက်နှင့် လက်နက်ငယ်များအပါအဝင် ခဲယမ်းအမြှောက်အများ ကိုလည်း သိမ်းဆည်း ရမိခဲ့ပါတယ်။
#MeKongNews








