မဲခေါင်၊ အောက်တိုဘာ ၁၇
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်မှာ ရပ်ကွက်နေ အမျိုးသားတွေကို စစ်ကောင်စီက အလှည့်ကျ ကင်းစောင့်ခိုင်းထားတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စဝ်စံထွန်ဈေး အနီးရှိ ညောင်ဖြူစခန်းရပ်ကွက်ရုံးကို သီတင်းကျွတ်ကာလအတွင်း တစ်အိမ် တစ်ယောက်နှုန်းနဲ့ ၂ ယောက်တစ်တွဲ ညတိုင်း အလှည့်ကျကင်းစောင့်ခိုင်းထားပြီး လက်နက်တွေလည်း ကိုင်ဆောင်ခွင့် မပေးဘူးလို့ ဆိုပါတယ်။
“အဲမှာ ဘာရှိလဲ မသိဘူး။ သန်းခေါင်စာရင်း ကောက်ထားတာတို့ ဘာတို့တော့ ရှိနိုင်တယ်။ ဘယ်သူမှ ဝင်ထွက်နေတာတော့ မတွေ့ဘူး။ လုံခြုံရေး သဘောဆိုပေမယ့် UG တွေက ပျူစောထီးထင်ပြီး လှမ်းပစ်မှာ ကြောက်ရတယ်” လို့ လှည့်ကင်းအလှည့်ကျသူ တစ်ဦးက ပြောပါတယ်။
ကင်းစောင့်ရသူတွေထဲမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း သင်တန်းဆင်းလာသူတွေ မပါဝင်ကြသလို လက်နက်ကိုင်ဆောင်ခွင့်ရထားတဲ့ ရဲနဲ့ စစ်ကောင်စီတပ်သားတွေလည်း မပါဝင်ဘဲ အရပ်သား ၂ ဦးကိုသာ တာဝန်ပေးထားတာကြောင့် စိုးရိမ်ကြောက်လန့်နေရတယ်လို့ သိရပါတယ်။
ကင်းစောင့်ရတဲ့ အချိန်ဟာ ည ၉ နာရီကနေ နောက်ရက်မနက် ၉ နာရီအထိဖြစ်ပြီး လူ ၂ ဦးကို ၃ ရက်ခြားတခါ လဲလှယ်သွားမှာဖြစ်ပေမယ့် စစ်ကောင်စီထောက်ခံသူတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကတော့ ကင်းအလှည့်ကျမယ့် စာရင်းမှာ မပါဝင်ဘူးလို့ ဆိုပါတယ်။
“စစ်မှုထမ်းက ပိုက်ဆံထည့်နိုင်ရင် လွတ်သေးတယ်။ ဒါက သူတို့ဖက် မဟုတ်ရင် အကုန်ပါမှာ။ ကျောင်းသားတော့ မပါဘူး။ တက္ကသိုလ်တက်နေရင်တော့ ပါတယ်” လို့ နီးစပ်တဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ညောင်ဖြူစခန်းနဲ့ စဝ်စံထွန်းရပ်ကွက်တို့ဟာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)နဲ့ အနီးဆုံးမှာ တည်ရှိပြီး မတ်လပိုင်းတုန်းကလည်း အဲဒီ ရပ်ကွက်တွေကနေ စစ်ကောင်စီက စစ်မှုထမ်း ၁၅ ဦးဝန်းကျင်ခန့် ခေါ်ယူခဲ့ဖူးတယ်လို့ စုံစမ်းသိရပါတယ်။
MK-014








