မဲခေါင်၊ အောက်တိုဘာ ၁၀
ရှမ်း-ကရင်နီ နယ်စပ်ဖြစ်တဲ့ ပင်လောင်းမြို့နယ်ထဲက ဗန်းမောက်၊ နမ့်ဖာမူ၊ နောင်ဝိုး၊ ပန်စုံရွာတွေဘက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး ပအိုဝ်းပြည်သူ့စစ် – PNO/PNA တွေ အထိအခိုက်များနေတယ်လို့ တိုက်ပွဲနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ရှမ်း-ကရင်နီနယ်စပ်မှာ PNO ကို ဒုစစ်ဦးစီးချုပ်နေဝင်းထွန်းဦးစီးတဲ့ အင်အား၅၀၀လောက်နဲ့ စစ်ကောင်စီတပ်တွေ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပြီး အောက်တိုဘာ ၈ရက် မှာ အောင်ပန်းစစ်ဆေးရုံကို PNO တပ်ဖွဲ့ဝင် တစ်ဦး အလောင်းရောက်လာသလို ၄ဦး ပြင်းထန်ဒဏ်ရာတွေနဲ့ရောက်လာပြီး တစ်ဦး လက်ဖြတ်ရတယ်လို့ ပအိုဝ်းပြည်သူ့စစ် – PNO နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“နေဝင်းထွန်းက လက်နက်ကြီးရော၊ လေကြောင်းရော ထိရောက်မှုမရှိဘူးလို့ ဝေဖန်နေတယ်။ သူ့လူတွေနဲ့ အရသိမ်း ထိုးစစ်ဆင်မယ်လို့ ကြုံးဝါးနေတယ်”လို့ သူက မဲခေါင်ကို ပြောပါတယ်။
PNO ကို စစ်ကောင်စီကပေးတဲ့လက်နက်တွေဟာ ပစ်ခတ်ရာမှာ ဂျမ်းဖြစ်တာများနေပြီး အကျအဆုံးများနေလို့ စစ်ကောင်စီကို ဆဲဆိုနေကြတယ်လို့ အဲဒီနီးစပ်သူက ပြောပါတယ်။
တော်လှန်ရေးတပ်တွေဘက်လည်း ကျဆုံးမှုတွေရှိနေပြီး ၁၀၀၈ တပ်ရင်း – SSRY နဲ့ ၁၀၀၉ တပ်ရင်း – IPDF တပ်ရင်းတို့က ရဲဘော်တစ်ဦးစီလည်း နောင်ဝိုးတိုက်ပွဲမှာ အောက်တိုဘာပထမပတ်အတွင်း ကျဆုံးခဲ့ကြောင်း အဲဒီတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီနဲ့ PNO ပူးပေါင်းအဖွဲ့တွေဟာ စက်တင်ဘာလအတွင်း ရှမ်းပြည်မှာ ရေကြီးနစ်မြုပ်မှုကို အခွင့်ကောင်းယူပြီး စစ်ကြောင်းထိုးတာ၊ တံတားတွေကို ဗုံးကြဲတာတွေလုပ်နေကြတယ်လို့ ရှမ်း-ကရင်နီနယ်စပ်က ဒေသခံတွေက မဲခေါင်ကို ပြောပါတယ်။
စက်တင်ဘာလ ၂၇ရက် မနက်ပိုင်းကလည်း ဆီဆိုင်မြို့နယ်နဲ့ မောက်မယ်မြို့နယ်ကိုဆက်သွယ်ထားတဲ့ ပွန်ချောင်းတံတားကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး၄လုံးကြဲချပြီး ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ရှမ်း-ကရင်နီနယ်စပ်မှာ စက်တင်ဘာလလယ်က စကာ စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေက လေကြောင်းနဲ့အမြောက်ပစ်ကူတွေ အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာနေတာကြောင့် ရှမ်းတောင်ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အပြင်းအထန်တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။
MK – 012








