မဲခေါင်၊ အောက်တိုဘာ ၂
လားရှိုးမြို့မှာ စက်တင်ဘာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုပြီးနောက် MNDAA ကဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားရတယ်လို့ မြို့ခံတွေကပြောပါတယ်။
မနေ့ အောက်တိုဘာ ၁ ရက်နေ့ညနေပိုင်း ၆နာရီခွဲဝန်းကျင်မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ စတင်ဖြတ်တောက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီသတင်းပေးတွေက အင်တာနက်နဲ့ ဖုန်းလိုင်းကို အသုံးပြုပြီး သတင်းပေးမှာစိုးတဲ့အတွက် ဖြတ်တောက်ထားတာလို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“အဓိကတော့ Airstrike( လေကြောင်းတိုက်ခိုက်မှု) ကြောင့်ပေါ့။ ဒလန် (စစ်ကောင်စီသတင်းပေး) တွေကနေ ပြီးတော့ WiFi လွှင့်တဲ့နေရာတွေကို သတင်းပေးမှာစိုးလို့” လို့ သူကပြောပါတယ်။
လားရှိုးမြို့ရှိ Mytel ဖုန်းနံပါတ်တစ်ခုကို ၇ ကြိမ် ဖုန်းခေါ်ဆိုတဲ့အခါမှာလည်း ဆက်သွယ်မှုဧရိယာပြင်ပ လို့ပဲဖြစ်နေပါတယ်။
အရင်က ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ မပြတ်ခင်က လားရှိုးမြို့မှာ Mytel၊ Atom၊ MPT အော်ပရေတာတွေ အသုံးပြုလို့ရပြီး အခုတော့ အားလုံး ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတယ်လို့ နောက်ထပ်မြို့ခံတစ်ဦးက ပြောပါတယ်။
“ဖုန်းလိုင်းမပျက်ခင်ကဆိုရင် Mytel ရတယ်၊ Telenor ( Atom)ရတယ်၊ MPT ရတယ်ဗျ။ တစ်နေရာနဲ့တစ်နေရာမတူဘူးဘူးပေါ့ ရတဲ့နေရာရတယ်။ တစ်မြို့လုံးနဲ့ပြောမယ်ဆိုရင် Mytel ရတယ်ဗျ။ MPT လည်းရတယ်” လို့ သူကပြောပါတယ်။
ကိုးကန့်တပ်အနေနဲ့ ရပ်ကွက်တစ်ချို့မှာ starlink (ဂြိုလ်တုအင်တာနက်) တွေကိုလည်းပြန်လည် သိမ်းဆည်းတာမျိုးရှိတယ်လို့ နီးစပ်သူမြို့ခံတစ်ဦးက ဆိုပါတယ်။
တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် -TNLA ထိန်းချုပ်ထားတဲ့ မြို့တွေဖြစ်တဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ ၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံမြို့တွေမှာလည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေပြတ်တောက်နေပြီး Starlink(ဂြိုလ်တုအင်တာနက်) ကိုသာ အသုံးပြုနေကြရတာ ဖြစ်ပါတယ်။
လားရှိုးမြို့ကို MNDAA ထိန်းချုပ်ပြီး တစ်လနီးပါးအကြာဖြစ်တဲ့ စက်တင်ဘာလအတွင်းမှာ စစ်ကောင်စီက မြို့တွင်းနဲ့ အနီးနားကျေးရွာမှာရှိတဲ့ အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့ပြီး တစ်လအတွင်း ၁၂ ကြိမ် ပြုလုပ်ခဲ့ပါတာဖြစ်ပါတယ်။
MK – 016









