မဲခေါင်၊ အောက်တိုဘာ ၂
ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် မကြာခဏဆိုသလို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူတစ်ချို့ နေရပ်ပြန်လည် စွန့်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့မှာ မြို့သိမ်းတိုက်ပွဲအပြီး တစ်လနီးပါးအကြာ ဩဂုတ်လ ၃၀ မှစပြီး စစ်ကောင်စီ က လေကြောင်းအသုံးပြုပြီး မကြာခဏ ဗုံးကြဲတိုက်ခိုက်တာကြောင့် မြို့သိမ်းတိုက်ပွဲအပြီးက နေရပ်ကိုပြန်လာကြတဲ့ ဒေသခံ ၁၀၀ ရာခိုင်နှုန်းမှာ ၃၀ ရာခိုင်နှုန်းလောက်က မြို့ကိုတစ်ဖန်ပြန်လည်စွန့်ခွာပြီး တိမ်းရှောင်ကြတာဖြစ်တယ်လို့ မြို့ခံအမျိုးသားတစ်ဦးကဆိုပါတယ်။
“ကျွန်တော်တို့နားက၊ ပတ်ဝန်းကျင်ကလူတွေဆို တော်တော်များများပြန်ထွက်သွားကြပြီ ဘယ်သူ့မှမနေရဲကြဘူး။ အခုက ကျွန်တော်တို့မှမဟုတ်ဘူး၊ လူမျိုးစုံပဲပြန်ထွက်သွားကြတာ” လို့ မြို့သိမ်းတိုက်ပွဲအပြီး နေရပ်ကိုပြန်လာပြီး အခုတစ်ဖန် ပြန်စွန့်ခွါသွားရတဲ့ ဒေသခံတစ်ဦးကဆိုပါတယ်။
လားရှိုးမြို့ကို ဩဂုတ်လ ၃ရက်နေ့မှာ MNDAA က အပြီးသတ်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် လားရှိုးမြို့ရှိ လူဦးရေ ၁ သိန်း ၃ သောင်းကျော်ထဲက သုံးပုံတစ်ပုံလောက်သာ မြို့သိမ်းတိုက်ပွဲအပြီး စစ်ရှောင်ရာက နေရပ်ပြန်လာခဲ့ကြတာပါ။
ဩဂုတ် ၃၀ ရက်နေ့ မှစပြီး စစ်ကောင်စီက လေကြောင်းဖြင့် မကြာခဏဆိုသလို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်တာကြောင့် နေရပ်ကိုပြန်လာနေထိုင်ကြပြီဖြစ်တဲ့ ဒေသခံ တစ်ဝက်လောက်က အခုတစ်ဖန် နေရပ်ကိုပြန်လည်စွန့်ခွါကာ တိမ်းရှောင်ကြတာဖြစ်တယ်လို့ မြို့ခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
“ သူတို့(စစ်ကောင်စီ)က ညညဆိုလာပြီ။ ညတိုင်းပဲ လေယာဉ်သံကြားတာနဲ့ ကိုယ့်အပေါ်ဘယ်ချိန်ရောက်မလဲဆိုပြီးအမြဲ စိုးရိမ်ပြီးကြောက်နေရတယ် အိပ်တောင်မအိပ်ရဲဘူး။ သူတို့(စစ်ကောင်စီ) က ပြည်သူဘက် လျှောက်ရမ်းပစ်တာကိုး။ သူတို့လုပ်ပုံနဲ့ဆိုရင် လားရှိုးကနေပြန်ထွက်ရတော့မယ်ဗျာ စုပ်လည်းစူး စားလည်းရူးဖြစ်နေပြီ” လို့ သူကပြောပါတယ်။
ကိုးကန့်တပ်- MNDAA အနေနဲ့ လားရှိုးကို ဩဂုတ်လ ၃ ရက်နေ့မှာအပြီးသိမ်းပိုက်ရရှိခဲ့ပြီးနောက်မှာ တိုက်ပွဲကာလအတွင်းက စစ်ရှောင်သွားကြတဲ့ ပြည်သူလူထုတစ်ဝက်ခန့် နေရပ်ပြန်လာခဲ့ကြတာပါ။
လားရှိုးမြို့ကို MNDAA သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက အရပ်သားပြည်သူပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာ ၁၂ကြိမ်အထိ ရှိလာပြီဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လားရှိုးမြို့ရှိ ပြည်သူ ၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ၈ ဦးသေဆုံးခဲ့ပါတယ်။
MK-016














