မဲခေါင်၊ အောက်တိုဘာ ၁
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်မှာ စစ်ဘေးနဲ့ ရေဘေးအတွက် လှူဒါန်းထားတဲ့ ငွေကြေးတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ တချို့တဝက်သာ ပြည်သူတွေဆီ ရောက်ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စစ်ဘေးနဲ့ ရေဘေးသင့် ပြည်သူတွေအတွက် ဩဂုတ်လအတွင်း ဆန် ၆ ပြည် ၄ ဘူးအပြင် တစ်အိမ် သိန်း ၂၀ နှုန်းနဲ့ သိန်း ၄၅၀၀ ကျပ်နီးပါး ထောက်ပံ့ခဲ့တာပဲ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာလည်း အိမ်ထောင်စု ၆၀၀ ကျော်အတွက် ထောက်ပံ့ခဲ့တယ်လို့ ဖော်ပြထားပေမယ့် ဒေသခံအများစု လက်ထဲကို မရောက်ရှိသလို အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူတွေကလည်း ၁၀ သိန်းသာ ရရှိတယ်လို့ ဆိုပါတယ်။
“အုပ်ကြီးနဲ့ သိရင်ရတယ်။ PNO ဝင်ထားသူတွေလည်း ရတယ်။ ကျန်တဲ့သူတွေ ဘာမရဘူး။ ငါးသေတ္တာတို့ ခေါက်ဆွဲခြောက်တို့ ကုန်ခြောက်တွေ ထောက်ပံ့တာလည်း မရဘူး။ ဆန်ကတော့ အုပ်ကြီးက ၄ ပြည်ဖြတ်တယ်။ ကျန်တဲ့ ၆ ပြည်ပဲ ရတယ်။ မရတဲ့လူက အများကြီးပဲ” လို့ ဆီဆိုင်မြို့ခံ တစ်ဦးက ပြောပါတယ်။
အလားတူ ကရင်နီပြည်၊ လွိုင်ကော်မြို့မှာလည်း ခိုင်နှင်းဝေထောက်ပံ့တဲ့ သိန်း ၂ သောင်း အပါအဝင် အနယ်နယ်အရပ်ရပ်က လာရောက်လှူဒါန်းတဲ့ ပစ္စည်းတွေကိုလည်း တစ်ရပ်ကွက်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူ အယောက် ၂၀ သာဝေပေးခဲ့ပြီး ကျန်တဲ့ သိန်း ၅ ထောင်နီးပါးကိုတော့ စစ်ကောင်စီရဲ့ လွိုင်ကော် ဒစကအတွက် ရိက္ခာကြေးအဖြစ် သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
“သူကတော့ ရေကြီးတဲ့နေရာတွေ ဘယ်မှကို မရောက်လိုက်ပါဘူး။ အချိန်မရတာလည်း ပါမှာပေါ့။ အခုက လှူတဲ့သူကိုလည်း အပြစ်မပြောဘူး။ သက်ဆိုင်ရာက ခွဲပေးမှရတာလေ။ ဒစကကို လှူခဲ့တာပဲ ပြောတာပါ။ ရေဘေးအကြောင်းပြပြီး စကစကို လာထောက်ပံ့တာလားတောင် ထင်ရတယ်” လို့ မြေပြင်ကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။
အဲ့ဒီ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး မဲခေါင်သတင်းဌာနက သီးခြားအတည်ပြုချက် မရသေးပါ။
ဆီဆိုင်မြို့နယ်၊ ပုန်းအင်းဒေသနဲ့ ကရင်နီပြည် လွိုင်ကော်၊ ဒီးမော့ဆိုတို့ အပါအဝင် ရှမ်းပြည်တောင်ပိုင်း ကလော၊ ရွာငံ၊ ညောင်ရွှေ၊ ဖယ်ခုံတို့မှာ ရေကြီးရေလျှံမှု ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပြီး အကူအညီတွေ လိုအပ်နေကြတယ်လို့ သိရပါတယ်။
MK-014









