မဲခေါင်၊ စက်တင်ဘာ ၂၀
TNLA ထိန်းချုပ်ထားတဲ့နောင်ချိုမြို့ကို စစ်ကောင်စီက Y-12လေယာဉ်နဲ့ စက်တင်ဘာလ ၁၉ရက် မနက်ပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေထိခိုက် ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့ မနက် ၃ နာရီလောက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲခဲ့တာ ဖြစ်ပြီး နောင်ချိုမြို့ ဘူတာရပ်ကွက်၊ အကွက် (၁) နယ်မြေ(၄) နဲ့ စျေးရပ်ကွက်ရှိ နေအိမ်များထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုတော့မရှိဘူးလို့ မြို့ခံအမျိုးသားတစ်ဦးကဆိုပါတယ်။
“ဖြစ်တာကဒီမနက် ၃ နာရီလောက်မှာ အဲ့နားကအိမ်တွေတော့ထိတယ် လူထိတာတော့မရှိဘူး။ တော်သေးတာပေါ့ အဲ့နားက ရှောင်ထားပြီးသားမလို့ မဟုတ်ရင်မတွေးရဲစရာပဲ” လို့ သူကပြောပါတယ်။
စစ်ကောင်စီက လေယာဉ်နဲ့ မြို့ထဲကို ဗုံး ၄လုံး ၂ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“သူတို့က ပထမတစ်ခါ ၄ လုံးနဲ့ ဒုတိယတစ်ခါ လည်း ၄ လုံးပြန်လာထပ်ချတာ” လို့၎င်းကပြောပါတယ်။
အလားတူ စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်ကောင်စီက နောင်ချိုမြို့တွင်းကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့မှာလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နောင်ချိုမြို့ရှိဒေသခံနေအိမ် ၅ လုံးထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီဟာ တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့မြို့တွေဖြစ်တဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနဲ့ နမ့်ခမ်းမြို့ တွေမှာ အရပ်သားပစ်မှတ်တွေကိုဦးတည်ပြီး လေယာဉ်နဲ့နေ့စဉ်လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာ ဖြစ်တယ်လို့ PSLF/TNLA ကသတင်းထုတ်ပြန်ထားပါတယ်။
MK – 016








