မဲခေါင်၊ စက်တင်ဘာ ၁၈
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင်းက ရေဘေးသင့်နေတဲ့ ကျေးရွာတွေကို စစ်ကောင်စီခန့် ရှမ်းပြည်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက တစ်ကြိမ်တစ်ခါမျှ လာရောက်ကြည့်ရှုတာမျိုး မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အင်းလေးမှာ ကျေးရွာအုပ်စု ၃၄ စု၊ ရွာပေါင်း ၄၄၆ ရွာထဲက ၁၇၁ ရွာအထိ ရေမြုပ်နေပေမယ့် ဦးအောင်ကြည်ဝင်းဟာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့သာ သွားလာလှုပ်ရှားနေပြီး ရေဘေးကိစ္စအတွက် ကယ်ဆယ်ရေး ဆောင်ရွက်နေတာမျိုးလည်း မတွေ့ရသေးဘူးလို့ ဆိုပါတယ်။
“လွိုင်ကော်ဆို အားရစရာလေနော်။ ဝန်ကြီးချုပ်ကိုယ်တိုင် ဆင်းနေတာ။ စေတနာမှန်တာ၊ မမှန်တာ ခဏထားလိုက်။ ရေဘေးဆိုတာ အားလုံးပေါင်းလုပ်ရမှာလေနော်။ ကျမတို့လည်း အဲလို အားကိုးရစေချင်တာ။ ဒီလိုရာထူးတွေ ပေးထားတယ်ဆိုတာ ဒီလို လုပ်ပေးဖို့ပဲလေ။ အခုက သူတောင် ပျောက်နေတာ” လို့ ပုဂ္ဂိုလ်ရေးအရ နီးစပ်တဲ့ အင်းလေးဒေသခံတစ်ဦးက ပြောပါတယ်။
ရေဘေးကြုံနေရတဲ့ အင်းလေးဒေသကို စစ်ကောင်စီနဲ့ သူတို့ လက်အောက်ခံ ထွေအုပ်အပါအဝင် တခြား ဌာနဆိုင်ရာတွေလည်း လာရောက်ကူညီတာမျိုး မရှိသေးတဲ့အပြင် စစ်ကောင်စီဘက်က ဒေသစာရီပွဲတော် ကျင်းပဖို့ကိုပဲ အာရုံစိုက်နေပြီး မိုးဗြဲဆည်ကို ဖောက်ချနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အရင်က အင်းအမျိုးသား အဖွဲ့ချုပ်ပါတီကနေ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ အင်းတိုင်းရင်းသား ရေးရာဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရွှေအင်းသာ ဟိုတယ်ပိုင်ရှင် ဒေါ်တင်ရီကလည်း ရေဘေးအတွက် လှုပ်ရှားဆောင်ရွက်နေတာမျိုး မတွေ့ရသေးဘူးလို့ ဆိုပါတယ်။
“ရွေးကောက်ပွဲ ပြိုင်တုန်းကတော့ လေတလုံး မိုးတလုံးနဲ့။ အင်းလေးအတွက် ဘာလုပ်ပေးမယ် ဘာတွေအကောင်အထည်ဖော်မယ်နဲ့။ အခု တစ်ယောက်မှ ပေါ်မလာကြပါဘူး။ အင်းလေးဒေသခံတွေ စိတ်ထဲမှာတော့ သူတို့က သေလူပါပဲ” လို့ ရေဘေးကြုံနေရတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
လက်ရှိအခြေနေအရ အင်းလေးဒေသကို အင်းကန်ပတ်လမ်း အရှေ့လမ်း တစ်ခုတည်းသာ အသုံးပြုနိုင်ပြီး အနောက်ဘက် လမ်းကတော့ ရေကျော်နေတာကြောင့် အင်းတိန်ကျေးရွာအထိသာ သွားလာလို့ ရတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။
ဒါ့အပြင် ညောင်ရွှေကနေတဆင့် စက်လှေနဲ့လည်း သွားလာနိုင်ပြီး ကံပဲ့၊ မိုင်းသောက်၊ သလဲဦး စတဲ့အရှေ့ဘက်ကမ်း ကျေးရွာတွေနဲ့ နန်းပန်မြို့အထိ ကားနဲ့ လာရောက်နိုင်တာကြောင့် အကူအညီပေးစေချင်တယ်လို့ ဆိုကြပါတယ်။
ရှမ်းပြည်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့ဖူးပြီး အဲဒီတုန်းက သူနေထိုင်တဲ့ အင်းပေါခုံရွာမှအပ ကျန်တဲ့ ကျေးရွာအားလုံးမှာ တစ်မဲမှမရဘဲ ရှုံးနိမ့်ခဲ့ဖူးတယ်လို့ စုံစမ်းသိရပါတယ်။
MK-014








