မဲခေါင်၊ စက်တင်ဘာ ၁၄
တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာနဲ့ လားရှိုးမြို့နဲ့ ဆက်စပ်နေတဲ့ နန်ဘိုင်ကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သား ၅ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MNDAA က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့ည ၇ နာရီချိန်လောက်မှာ စစ်ကောင်စီဟာ ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ပြီး တစ်ဆက်တည်းမှာပဲ သိန္နီခရိုင် သံလွင်လျင်မြို့နယ် နန်ဘိုင်းရွာရှိ လူနေအိမ်ကို လေယာဉ်ဖြင့်ထပ်မံဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သားပြည်သူ ၅ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိတဲ့အနက် ၃ ဦးဟာ ဒဏ်ရာအပြင်းအထန်ရရှိကြောင်း သိရပါတယ်။
အလားတူ စစ်ကောင်စီဟာ စက်တင်ဘာ (၁၃) နေ့လယ် ၁၂ခွဲလောက်မှာ တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို လေယာဉ်ဖြင့် ထပ်ခါထပ်ခါဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နောင်ချိုရဲစခန်းဝန်းအတွင်းနဲ့ လူနေရက်ကွက်ထဲကိုကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့တယ်လို့ PSLF/TNLA ရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
MK-016











