မဲခေါင်၊ စက်တင်ဘာ ၁၄
ထိုင်းဝန်ချုပ်အသစ် ပေသောင်တန်ရှင်နာဝတ် ကိုယ်တိုင် စက်တင်ဘာ ၁၃ ရက်နေ့က ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁) အလယ်ထိရောက်ရှိလာကာ ရေဘေးသင့်သူတွေကို တွေ့ဆုံကာ ရေဘေးသင့်အခြေအနေကို ကြည့်ရှုသွားတယ်လို့ သိရပါတယ်။
ထိုင်းအစိုးရက ရေဘေးသင့်နေတဲ့ မယ်ဆိုင်က ပြည်သူတွေကို ကယ်ဆယ်ရေး ဆက်တိုက်လုပ်ဆောင်ပေးနေတဲ့အပြင် တာချီလိတ်မြို့ဘက်ခြမ်းကို ရဟတ်ယာဉ်နဲ့ ရေဘေးသင့်သူတွေကို ရေနဲ့ အစားအစာ လာချပေးခဲ့ပါတယ်။
“ထိုင်းက ရဟတ်ယာဉ်နဲ့ မြန်မာဘက်ခြမ်းအထိ ရိက္ခာတွေလာချပေးတယ်၊ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်တစ်ခုလုံးနီးပါ ရေဘေးထိထားတာ၊ မယ်ခေါင်မြစ်နဲ့ ကပ်ရပ် ကျေးရွာတွေလဲ အတော် ပျက်စီးကုန်တယ် ။ တောင်ပေါ်ကျေးရွာတွေလဲ မြေတွေပြိုပြီး တောင်ကျရေကြောင့် အိမ်တွေ အတော်ရေထဲပါကုန်တယ် ကြားတယ်”လို့ တာချီလိတ်ဒေသခံတစ်ဦးက ပြောပါတယ်။
တာချီလိတ်မှာ လက်ရှိ စက်တင်ဘာ ၁၄ ရက်မှာ ရေအနည်းငယ်ကျဆင်းသွားပေမယ့် မိုးအနည်းငယ်ဆက်လက်ရွာသွန်းနေပြီး မယ်ဆိုင်ချောင်းရေ ကျဆင်းခြင်းမရှိသေးတဲ့အတွက် အချို့ရပ်ကွက်တွေအတွင်း ရေကျဆင်းခြင်းမရှိသေးပါဘူး။
တရုတ်နိုင်ငံအတွင်းက မယ်ခေါင်မြစ် ရေကာတာက ရေလွတ်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတဲ့ အတွက် ရေထက်တက်မှာစိုးရိမ်နေရပြီး တာချီလိတ်မြို့နယ်နဲ့ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံအတွင်းက ကျေးရွာတွေ ရေလွမ်းမိုးခံခဲ့ရပြီး နေအိမ်အဆောက်အဦီ အများအပြားပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
MK-002










