မဲခေါင်၊ စက်တင်ဘာ ၁၃
ကရင်နီဒေသမှာ စက်တင်ဘာ ၁၁ ရက်နေ့က တောင်ကျရေနဲ့ မျောပါသေဆုံးခဲ့တဲ့ ရှမ်းတောင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် – ၁၀၀၅ တပ်ရင်း SSPDF မှ ရဲဘော် ကောင်းခန့်ကျော်ရဲ့ ဈာပနအခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဆေးဌာနကြီးမှူးမှ ဖွင့်လှစ်တဲ့ ဆေးသင်တန်းမှ သင်တန်းသားများဟာ စက်တင်ဘာ ၁၁ ရက် ညနေပိုင်းမှာ သင်ခန်းစာအတွက် ချောင်းတစ်ခုကို ဖြတ်ကျော်စဥ် မတော်တဆဖြစ်ပွားခဲ့ပြီး ဆေးသင်တန်းသား ၁၈ ဦး ရေထဲမျောပါ ဆုံးရှုံးခဲ့ရတာပါ။
“သက်ဆိုင်ရာတပ်ရင်းအလိုက်မှ ဆေးတပ်သားများကိုလည်း အလေးနီပြုပါတယ်” လို့ SSPDF ၁၀၀၅ တပ်ရင်းမှ ရေးသားပါတယ်။
ဒီမတော်တဆမှုကြောင့် ဆေးသင်တန်းသား ၁၈ ဦး ဆုံးရှုံးခဲ့ရခြင်းအတွက် သက်ဆိုင်ရာမိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့များနဲ့အတူ များစွာဝမ်းနည်းကြေကွဲရတယ်လို့ KNDF က ထုတ်ပြန်ပါတယ်။
KNDF နဲ့ တပ်ပေါင်းစုံတို့ လိုအပ်ချက်အရ ကရင်နီပြည်အတွက် လူ့စွမ်းအားအရင်းမြစ် တိုးတက်ကောင်းမွန်ဖို့ ရည်ရွယ်ပြီး ဒီဆေးသင်တန်းကို ဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။
ဒီမတော်တဆမှုအတွက် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့လည်း KNDF ထုတ်ပြန်ချက်က ဆိုပါတယ်။
ရေနဲ့မျောပါ သေဆုံးခဲ့တဲ့ KNDF ဆေးသင်တန်းသားတွေရဲ့ နေရာကို ထုတ်ပြန်ချက်မှာ ဖော်ပြမထားပေမယ့် ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံနဲ့ ဒီမော့ဆိုမြို့နယ်တွေမှာ ရေကြီးမှုတွေဖြစ်ပွားနေပါတယ်။
ကျဆုံးသွားတဲ့ ကရင်နီ ဆေးသင်တန်း အပတ်စဥ် ၂ မှ ရဲဘော်တွေကို အထူး Medic တွေအဖြစ် သူရဲ့လုပ်ပိုင်ခွင့်အရ အသိအမှတ်ပြုတယ်လို့ ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာမျိုးခန့်ကိုကိုက သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။













