မဲခေါင်၊ စက်တင်ဘာ ၁၃
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဆေးဌာနကြီးမှူးမှ ဖွင့်လှစ်တဲ့ ဆေးသင်တန်းမှ သင်တန်းသားများဟာ စက်တင်ဘာ ၁၁ ရက် ညနေပိုင်းမှာ သင်ခန်းစာအတွက် ချောင်းတစ်ခုကို ဖြတ်ကျော်စဥ် မတော်တဆဖြစ်ပွားခဲ့ပြီး ဆေးသင်တန်းသား ၁၈ ဦး ရေထဲမျောပါ ဆုံးရှုံးခဲ့တယ်လို့ KNDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒီမတော်တဆမှုကြောင့် ဆေးသင်တန်းသား ၁၈ ဦး ဆုံးရှုံးခဲ့ရခြင်းအတွက် သက်ဆိုင်ရာမိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့များနဲ့အတူ များစွာဝမ်းနည်းကြေကွဲရတယ်လို့ KNDF က ထုတ်ပြန်ပါတယ်။
KNDF နဲ့ တပ်ပေါင်းစုံတို့ လိုအပ်ချက်အရ ကရင်နီပြည်အတွက် လူ့စွမ်းအားအရင်းမြစ် တိုးတက်ကောင်းမွန်ဖို့ ရည်ရွယ်ပြီး ဒီဆေးသင်တန်းကို ဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။
ဒီမတော်တဆမှုအတွက် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့လည်း KNDF ထုတ်ပြန်ချက်က ဆိုပါတယ်။
ရေနဲ့မျောပါ သေဆုံးခဲ့တဲ့ KNDF ဆေးသင်တန်းသားတွေရဲ့ နေရာကို ထုတ်ပြန်ချက်မှာ ဖော်ပြမထားပေမယ့် ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံနဲ့ ဒီမော့ဆိုမြို့နယ်တွေမှာ ရေကြီးမှုတွေဖြစ်ပွားနေပါတယ်။
ကျဆုံးသွားတဲ့ ကရင်နီ ဆေးသင်တန်း အပတ်စဥ် ၂ မှ ရဲဘော်တွေကို အထူး Medic တွေအဖြစ် သူရဲ့လုပ်ပိုင်ခွင့်အရ အသိအမှတ်ပြုတယ်လို့ ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာမျိုးခန့်ကိုကိုက သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
Photo/ Nyein Mg- (Karenni people Voice)









