မဲခေါင်၊ စက်တင်ဘာ ၅
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က တောင်ခမ်းတိုက်ပွဲမှာ စစ်ကောင်စီထံက သိမ်းပိုက်ရရှိတဲ့ တင့်ကားနဲ့ဟောင်ဝစ်ဇာတွေ အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ TNLA က ရုပ်သံဖိုင်နဲ့ ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေကို TNLA တပ်ဖွဲ့မှ စစ်ဦးစီးမှူး ဒုတိယ ဗိုလ်မှူးကြီး တာမဝေါနဲ့ တပ်မဟာ ၆ မှူး ဒုတိယဗိုလ်မှူးကြီး တာမောရှန် တို့ ဦးဆောင်ကာ စက်တင်ဘာလ ပထမပတ်အတွင်း ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ကျောက်မဲမြို့နဲ့ နောင်ချိုမြို့ နယ်၊ တောင်ရှည် ကျေးရွာအုပ်စု၊ တောင်ခမ်းတပ်စခန်းက စစ်ကောင်စီရဲ့ အမြောက်တပ် ၂၀၆ ၊ ၃၅၄ ၊ ၄၀၆ ၊ ၉၀၂ တို့ကို တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။
TNLA က တင့်ကား ၆ စီး၊ ဟောင်ဝစ်ဇာ၂ လက်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နည်းပြတွေ အနေနဲ့ ရုရှားပြန် ပူးပေါင်း စစ်ကောင်စီအရာရှိဟောင်းတွေက အကူအညီပေးနေတာလို့ အခြားစစ်ရေးသတင်းအရင်းအမြစ်အရ သိရပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ရုပ်အလောင်း ၁၃ လောင်းထက်မနည်းအပါအဝင် လက်နက်ခဲယမ်းအမြောက်အများကို တွေ့ရှိသိမ်းဆည်းနိုင်ခဲ့တယ်လို့ TNLA ရုပ်သံမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ TNLA နဲ့ PDF ပူးပေါင်းတပ်တွေကအမတ ၄၀၆၊ ၂၀၆ တို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး မစခ ၉၀၂နဲ့ အမတ ၃၅၄တို့ကို အပြင်းအထန် တိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်ကောင်စီဟာ ရှမ်းတောင်၊ ရပ်စောက်၊ကျောက်ဂူဘက်က စစ်အင်အားဖြည့်တင်းနိုင်ဖို့ ထိုးစစ်ဆင်နေသလို ပြင်ဦးလွင်ဘက်ကလည်း လက်နက်ကြီးပစ်ကူပေးနေကာ လေကြောင်းကလည်း လက်နက်ခဲယမ်းရိက္ခာတွေချပေးတာတွေ လုပ်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
MK-012












