မဲခေါင်၊ စက်တင်ဘာ ၅
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်ထဲက လယ်ကြားကျေးရွာအုပ်စုနဲ့ လမိုင်းကျေးရွာအုပ်စုမှာ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးတွေက ငွေကြေးကောက်ခံတာတွေ လုပ်နေတယ်လို့ ဒေသခံတဦးက စက်တင်ဘာလ ၄ ရက်နေ့က ပြောပါတယ်။
“တအိမ် ၅ဝဝဝဝ ကို အတင်းကောက်ခံနေတာ၊ လူတွေက ဖမ်းမှာကြောက်တော့ ထည့်ရတာပေါ့။ မထည့်ရသေးတဲ့အိမ်က နည်းနည်းပဲရှိ တော့တယ်။ ကျန်နေတဲ့နေရာတွေလည်း ကောက်တယ်။ ဒီအုပ်စုနှစ်ခုကတော့ ငွေကောက်တာ အများဆုံး အဆိုးဆုံးအုပ်စုပါ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ပထမအသုတ်မှာ ၄၀၀၀၀ ကျပ်၊ ဒုတိယအသုတ်မှာ ၂၅၀၀၀ ကျပ်၊ တတိယအသုတ်မှာ ၅၀၀၀၀ ကျပ်ကောက်ခံခဲ့ပြီး စက်တင်ဘာလအစမှာတင် တတိယအသုတ်အတွက် ငွေကြေးကောက်ခံ သွားခဲ့ပြီလို့ သိရပါတယ်။
အုပ်ချုပ်ရေးမူတွေဖြစ်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား စစ်မှုမထမ်းချင်သူတွေကို တအိမ် ၅၀၀၀၀ နှုန်းကောက်ခံပြီး အသက် ၃၅ နှစ်ကနေ ၆၀ ကြားကိုတော့ စစ်မှုထမ်းဖို့ မဲအတင်းနှိုက်ခိုင်းတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
လယ်ကြားကျေးရွာအုပ်စုမှာ အိမ်ခြေ ၅၀၀ ကျော်ရှိပြီး လမိုင်းကျေးရွာအုပ်စုမှာတော့ အိမ်ခြေ ၈၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
စီးပွားရေး ခက်ခဲကျပ်တည်းတဲ့ ကာလအတွင်း ငွေကြေးခနခနကောက်ခံခြင်းက ဒေသခံတွေအပေါ် ကြီးမားတဲ့သက်ရောက်မှုအနေနဲ့ ရှိနေပေမယ့် ဖမ်းဆီးခံရမှာကြောက်တဲ့အတွက် ချေးငှားပြီး ငွေပေးတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
ပင်လောင်းမြို့နယ်မှာတော့ အသက်၁၈ နှစ်ကနေ ၃၅ နှစ်ကြား ပြည်သူတွေကို PNOရဲ့ စစ်သင်တန်းတွေမှာ တက်ဖို့အတွက် ခေါ်သွားတာတွေရှိတယ်လို့ သိရပြီး စစ်မှူထမ်းရသူ အရေအတွက် အတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
Cj-004








