မဲခေါင်၊ စက်တင်ဘာ ၃
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေတာကြောင့် အရှေ့မြို့ပတ်နဲ့ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် ပျံကျဈေးဆိုင်ခန်းတွေကို စည်ပင်က ပိတ်ခိုင်းထားတယ်လို့ ဈေးသည်တွေက ပြောပါတယ်။
စစ်ခေါင်းဆောင်ဟာ မနေ့ (စက်တင်ဘာ ၃)ကတည်းက ရောက်ရှိနေတာဖြစ်ပြီး ပျံကျဈေးဆိုင်ခန်းတွေကို စက်တင်ဘာ ၇ ရက်နေ့အထိ ပိတ်ခိုင်းထားတယ်လို့ ဆိုပါတယ်။
“သူတို့လာရင် တအားသိသာတယ်။ မီးမပြတ်ဘူးလေ။ မြို့ထဲမှာ လုံခြုံရေးအပြည့်ပဲ။ မနေ့ကတည်းက ပုစဉ်းသံကြားလို့ ထင်တော့ထင်သား” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဒီနေ့ စက်တင်ဘာ ၃ ရက်နေ့ နေ့လည်ပိုင်းမှာ တစ်မြို့လုံး လမ်းရှင်းထားပြီး လုံခြုံရေး တင်းကြပ်ထားသလို စစ်ခေါင်းဆောင်ကိုယ်တိုင် ရဟတ်ယာဉ် အနိမ့်ပျံသန်းပြီး မြို့ပတ်ကြည့်နေတယ်လို့ သိရပါတယ်။
လာမယ့် အောက်တိုဘာလအတွင်း ကျင်းပမယ့် အင်းလေး ဖောင်တော်ဦးဘုရား၊ ဒေသစာရီကြွချီပွဲတော်ကို စစ်ခေါင်းဆောင်က ဖိအားပေး ကျင်းပခိုင်းထားတာကြောင့် ပွဲတော်ပြင်ဆင်မှု အခြေနေကို လာရောက်ကြည့်ရှုတာလည်း ဖြစ်တယ်လို့ ဌာနဆိုင်ရာ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
“သူတို့ ဘယ်ချိန်လာလာ ဘယ်ချိန်ပြန်ပြန် စိတ်မဝင်စားဘူး။ သူတို့လာတိုင်း ဆိုင်ပိတ်ရလို့ ဒေါသထွက်တာ။ ဒီမှာက ကုန်ဈေးနှုန်းတဖက်နဲ့ လုရောင်းနေရတာ။ တစ်ရက်ပိတ်တာတောင် တော်တော်နစ်နာတယ်” လို့ ပျံကျဈေးသည် တစ်ဦးက ပြောပါတယ်။
တောင်ကြီးမြို့ ရွှေဘုန်းပွင့် ဘုရားနဲ့ အင်းလေးဒေသ ဖောင်တော်ဦးဘုရားတို့ဟာ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်တွေ မကြာခဏ လာရောက်ကာ ယတြာပြုလုပ်ကြပြီး စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်းမှာ မင်းအောင်လှိုင်၊ စိုးဝင်းနဲ့ ဇော်မင်းထွန်းတို့က အများဆုံး လာရောက်ခဲ့တယ်လို့ သိရပါတယ်။
MK-014








