မဲခေါင်၊ စက်တင်ဘာ ၃
ရှမ်းတောင်၊ညောင်ရွှေမြို့နယ်၊ စံကားဒေသ၊ ဘန့်ပြင်ကျေးရွာ အုပ်စု လွယ်လုံရွာကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က မနေ့က အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
မနေ့ စက်တင်ဘာလ ၂ရက် ညနေ၄နာရီခန့်မှာ စစ်ကောင်စီနဲ့PNO ပါဝင်တဲ့စစ်ကြောင်းဟာ ရှမ်းတိုင်းရင်းသားအများစု နေထိုင်တဲ့လွယ်လုံရွာက နေအိမ် အနည်းဆုံး ၇ အိမ် ရွာကိုဝင်ပြီး အကြမ်းဖက်မီးရှို့သွား တယ်လို့ သိရပါတယ်။
စံကားဒေသမှာ စစ်ကောင်စီတပ် နဲ့လက်အောက်ခံ PNO တို့နဲ့ တော်လှန်ရေး တပ်ဖွဲ့ တွေ ပြီးခဲ့တဲ့ ဇူလိုင်လ၁၉ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် လွယ်လုံရွာအပါအဝင် စံကားဒေသက စစ်ပွဲဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေဟာ စစ်ဘေးရှောင်နေခဲ့ကြရတာပါ။
တိုက်ပွဲဖြစ်ပွားပြီးနောက် စံကား၊ကုန်းသာ၊ဆည်ခေါင်း၊နန်းပွန်၊လွယ်လုံ စသည့်ကျေးရွာတွေမှာစစ်တပ်နဲ့ PNO တွေ တပ်စွဲပြီး ရွာတွေကို လှည့်ပတ် ဖျက်ဆီးနေတာလို့ သိရပါတယ်။
ရွာသားအချို့ကိုလည်း PDF ဟုစွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ငွေတောင်းခြင်းများ ပြုလုပ်ခဲ့လို့ လွယ်လုံရွာသား ၇ဦးမှာ ဖမ်းဆီးရိုက်နှက်ခံခဲ့ရပြီး ငွေနဲ့ရွေးလို့ သြဂုတ်လ ၈ ရက်မှာ ၆ ဦးပြန်လွတ်လာခဲ့ပြီး တစ်ဦးမှာ အသတ်ခံခဲ့ရတာကို မဲခေါင်သတင်းဌာနက သတင်း ဖော်ပြခဲ့ပြီးနောက် အခုမှာ အဲရွာကို မီးရှို့ဖျက်ဆီးခံရတာ ဖြစ်ပါတယ်။
MK-012









