မဲခေါင်၊ စက်တင်ဘာ ၃
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့မှာ ရပ်ရွာလုံခြုံရေးအတွက် စစ်ကောင်စီက လူစာရင်း စတင်ကောက်ခံနေတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁ ရက်က မိုင်းတုံမြို့မှာ အသက် ၃၅ နှစ်မှ ၆၅ နှစ်အထိအမျိုးသားတွေကို အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးခေါ်ပြီး လုံခြုံရေးအတွက် လူစာရင်းစကောက်နေပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာတိုင်းအမာခံ ၁၀ဦးနဲ့ အရန် ၂၀ ဦးဖွဲ့ရမယ်ပြောတယ်၊ အသက်ကကြီး ကျန်းမာရေးမကောင်းနဲ့ အားလုံးကိုဒုက္ခပေးနေတာ၊ လူငယ်တွေကတော့ မရှိသလောက်ဘဲ” လို့ နားကောင်းမူး ကျေးရွာခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
နားကောင်းမူးက ၁၀၀ ဦး အပါအဝင် ပုံပါကျင်၊ မိုင်းတုံ၊ မုံးထ အပါ အင်အားအနည်းဆုံး ၃၀၀ ကျော်ကို ရွာတွေ၊ ရပ်ကွက်တွေအလိုက် စာရင်းကောက်နေတာလို့ သိရပါတယ်။
နားကောင်းမူးနဲ့ ပုံပါကျင်ကြားက ဟွေအောမှာ UWSA ‘ဝ’ တောင်ပိုင်း စစ်ဒေသ ၁၇၁ ရှိနေပြီး အရှေ့ဘက် ဟိုပန်ဟိုရွက်မှာ စစ်သင်တန်းပေးနေတာရှိကြောင်း သိရပါတယ်။
“ဟိုကလာတိုက်ရင် တစ်ယောက်မှကျန်မှာ မဟုတ်ဘူး၊ လူ ထောင်ချီရှိတာ၊ ပြောတာတော့ ကင်းစောင့်ဖို့နဲ့ အကြမ်းဖက်တွေ သတင်းရရင်ပြောဖို့တဲ့၊ သေနတ်ကိုင်တဲ့ စစ်တပ်၊ ပြည်သူ့စစ်တွေက တိုက်ပွဲသွားရင် ကိုယ့်မြို့ ကိုယ့်ရွာ လုံခြုံဖို့တဲ့၊ သေနတ်ကိုင်ရ၊ မရ မသိရသေးဘူး၊ စစ်မှုထမ်းဟောင်းထဲက တချို့တော့ တပ်ထဲပြန်ခေါ်သွားတာ ကျိုင်းတုံတိုင်းရုံးမှာ ကင်းစောင့်နေရတယ် ကြားတယ်၊ တပ်အတော်များများကတော့ ခိုလန် ဘက်စုဖွဲ့နေတယ်လို့ကြားတယ်” လို့ မိုင်းတုံစစ်မှုထမ်း မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ စစ်ကောင်စီက ဖွဲ့စည်းလိုက်ပြီးနောက် လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လုံခြုံရေး တည်ဆောက်ရမည်ဟု စစ်ခေါင်းဆောင် က ပြောဆိုထားပါတယ်။
စစ်ကောင်စီဟာ တပ်ပြေး၊ လက်နက်ချ၊ဘက်ပြောင်း၊သေဆုံး၊ ပျောက်ဆုံးစတဲ့ အကြောင်းအမျိုးမျိုးနဲ့ စစ်တပ်အင်အားလျော့ပါးလာပြီး စစ်မြေပြင်တိုင်း စစ်ရှုံးလာနေတာကို ကျားကန်တဲ့အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အရန်တပ်ဖွဲ့ စစ်မှုထမ်းဥပဒေတို့ကိုထုတ်ပြန်ခဲ့ပြီးယခု ပြည်သူ့လုံခြုံရေးဆိုပြီး အသက် ၆၅ နှစ်အထိပြည်သူတွေအပေါ် အဓမ္မ လူစုနေတာဖြစ်ပါတယ်။
MK-012








