မဲခေါင်၊ သြဂုတ် ၃၀
ထိုင်းနိုင်ငံက လူမှုကွန်ရက်တွေပေါ်မှာ လူသိများတဲ့ ဘန်ကောက်မြို့အနောက်မြောက်ပိုင်း ချန်ဝပ်တနာလမ်း အနီး ရွာလေးက ၅၇ နှစ်အရွယ် ခေါက်ဆွဲ ရောင်းသူ မစ္စတာရန်ဆန်ကို ထိုင်း ဝင်ငွေခွန်ဌာနက စျေးသည် တစ်ယောက် ဝယ်ဖို့မဖြစ်နိုင်တဲ့ ရွှေတွေ ဝတ်ဆင်မှုကြောင့် စုံစမ်းအရေးယူသွားဖို့ ပြင်ဆင်နေကြောင်း သတင်း တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။
Hong Te အမည်ရ ခေါက်ဆွဲဆိုင်လေးသား ဖွင့်ထားပြီး ကြီးမားလှတဲ့ ရွှေဆွဲကြိုးတွေ၊ ဟန်းချိန်းတွေ ဝတ်ပြီး စျေးရောင်းနေကြဖြစ်တဲ့ မစ္စတာ ရန်ဆန်ဟာ မူမမှန်တဲ့ ငွေကြေးကြွယ်၀မှုနဲ့ ရွှေတွေဝယ်လို့ အခွန်ဌာနက စုံစမ်းစစ်ဆေးအရေးယူတော့မယ်လို့ သတင်းထွက်နေတဲ့အတွက် စစ်ဆေးခံရရင် ထုချေ ဖို့ ရှေ့နေငှားရမ်းထားပြီး မီဒီယာတွေကိုပါ သူ့ ရွှေတွေဟာ ရိုးသားစွာ ရှာဖွေထားတဲ့ ငွေနဲ့ ဝယ်ထားတာဖြစ်ကြောင်း ဩဂုတ် ၂၈ ရက်နေ့က ရှင်းလင်းသွားခဲ့ပါတယ်။
မစ္စတာရန်ဆန်က သူခေါက်ဆွဲရောင်းစားလာတာ ၃၂ နှစ်ရှိပြီဖြစ်ပြီး နေ့တိုင်း အမြတ်ထဲက ဘတ် ၁၀၀၀ အမြဲ စုဆောင်းခဲ့ကြောင်း၊ ကော်ဖီတောင် စျေးကြီးတာမသောက်သလို မိသားစုလည်း စျေးကြီးတာ ဝယ်မစားဘဲ ဝါသနာပါရာ ရွှေတွေသာ စုဆောင်းဝယ်ယူပြီး ဝတ်ဆင်ခဲ့တာပါ။
ဘတ် ၁ သန်းဖိုးတန်တဲ့ ရွှေ ၃၇၅ ဂရမ်အထိ ပိုင်ဆိုင်ဝတ်ဆင်နိုင်ဖို့ ရည်မှန်းထားပြီး လက်ရှိဝတ်ထားတဲ့ ရွှေတွေကိုလည်း အစ်မအကြီးဆုံးထံ မြေရောင်းခဲ့လို့ ရတဲ့ ဘတ် ၈၀၀၀၀ ဝန်းကျင်ထဲကပါ သုံးစွဲဝယ်ယူခဲ့တာဖြစ်ကြောင်း၊ ရွှေတွေကို ဒီလို အများအပြား ဝတ်ဆင် ပြီးစျေးရောင်းရမှ အလုပ်ကို အားတက်သရော ယုံကြည်စိတ်အပြည့်နဲ့ လုပ်ကိုင်ရောင်းချဖို့ ပိုစိတ်အားထက်သန် လို့ တစ်သက်လုံး စုဆောင်းပြီး ရွှေပဲ ဝယ်ခဲ့တာလို့ ရှင်းလင်းပြောကြားသွားပါတယ်။
ဒါပေမဲ့ အစိုးရ ရှေ့နေများကွန်ရက်က မစ္စတာရန်ဆန်ရဲ့ ခေါက်ဆွဲဆိုင်ဟာ တစ်နေ့ ဘတ် ၂၀၀၀ ထက်ပိုမမြတ်ဘဲ ရှုံးတဲ့နေ့တွေလည်းရှိလို့ ဘယ်လိုမှ တစ်နှစ်ဝင်ငွေ ဘတ် ၁ . ၈ သန်းမကျော်နိုင်ဘူးလို့ တွက်ဆပြီး အခွန်ဌာန ကနေ တရားစွဲ စုံစမ်းသွားဖို့ တိုက်တွန်းနေကြတာဖြစ်ပါတယ်။
Ref: straitstimes
MKF-001








