မဲခေါင်၊ သြဂုတ် ၂၉
စစ်ကောင်စီတွေ လက်လွှတ် ဆုံးရှုံးခဲ့ရတဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက် အနီးက ခမရ – ၄၃၇ ဘက်ကို စစ်ကောင်စီတွေက ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့ခန့်က စစ်ကြောင်းပြန်လည် ထိုးလာလို့ KIA ပူးပေါင်း တပ်ဖွဲ့တွေ ဖြတ်တိုက်ရာက နေ့စဉ်ရက်ဆက် တိုက်ပွဲ ပြင်းထန်နေကြောင်း KIA ရှေ့တန်း အသိုင်းအဝိုင်း ဆီက သိရပါတယ်။
“ဒီနေ့ စစ်ကောင်စီ တပ်ရင်း ၇ ရင်းလောက် ပေါင်းထားတဲ့ အင်အား ၅၀၀ ခန့် မိုးမောက်ဘက် စစ်ကြောင်းထိုးလာလို့ ၇ မိုင်မရောက်ခင်မှာ တိုက်ပွဲ ပြင်းထန်နေတယ်” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
၅ မိုင်၊ ၆ မိုင် ဘက်မှာ ဩဂုတ်လ ၂၈ ရက်နေ့ မနက် ၅ နာရီခန့်က စစ်ကောင်စီတွေ လေယာဉ်တွေနဲ့ ဗုံးကြဲ တဲ့ အပြင် မြေပြင်မှာတင့်ကားတွေနဲ့ရော ထိုးလာတယ်လို့ သူက ပြောပါတယ်။
လက်ရှိ ဗန်းမော်မှာ အရင်က စစ်ကောင်စီတွေ ဆုံးရှံးခံထားရတဲ့ နေရာ၊ တပ်စခန်းတွေထဲက လက်ကျန် စစ်ကောင်စီတွေ စုပေါင်းထားပြီး အင်အား ၄၀၀၀ ခန့် စုပေါင်းထားတယ်လို့ ခန့်မှန်းရကြောင်း သူက ရှင်းပြပါတယ်။
“KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ သိမ်းပိုက် ရရှိထားတဲ့ ခမရ ၄၃၇ ဘက် စစ်ကောင်စီတွေ စစ်ကြောင်း အသားကုန် ထိုးနေတယ်။ အင်အား ထပ်ဖြည့်ပြီး ထိုးလာတယ်။ လေယာဉ်နဲ့ ရော ဗုံးကြဲတယ်။ ၅ မိုင်၊ ၆ မိုင် ၊၇ မိုင် တွေဘက် နေ့တိုင်း တိုက်ပွဲ ပြင်းထန်နေတယ်” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးကလည်း ပြောပါတယ်။
ဗန်းမော်က လူတွေပြောတာ စစ်ကူတွေ လာချပေးတာလား ဘာလဲ မသိဘူး။ အခုတလော လေယာဉ်ပေါ်ကနေ မည်းမည်းလေးတွေ မြေပြင်ဘက် ချပေးနေတာလို့ ပြောတယ်။
ဗန်းမော်မြို့ လုံခြုံရေးအတွက် အရေးပါတဲ့ စစ်ကောင်စီရဲ့ မိုးမောက် ခမရ ၄၃၇ ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့က KIA နဲ့ ပူးပါင်း အဖွဲ့က အပြီးသတ် သိမ်းပိုက် ထိန်းချုပ် ထားတာ ဖြစ်ပါတယ်။
CJ-008









