မဲခေါင်၊ သြဂုတ် ၂၉
ရှမ်းတောင်၊ အင်လေးဒေသက အထင်ကရ ဖောင်တော်ဦးဘုရားပွဲကို မူလက စစ်ရေးအခြေအနေတွေကြောင့် မလုပ်ဖြစ်တော့ဘူးလို့ သိရပေမယ့် ယခုမှာတော့ စစ်ခေါင်းဆောင်ရဲ့အမိန့်နဲ့ ပြန်လုပ်မယ်လို့သိရပါတယ်။
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြိုနယ် အင်းလေးဖေါင်တော်ဦးဘုရားဒေသစာရီ ကြွချီပူဇော်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း မနေ့ သြဂုတ်လ၂၈ရက် အစည်းအဝေးဆုံးဖြတ်ချက်အရ အတည်ပြုလိုက်ပြီလို့ သိရှိရပါတယ်လို့ လူမှုကွန်ရက်မှာ ဖော်ပြလာတာတွေ့ရပြီး မဲခေါင်သတင်းဌာနရဲ့ စုံစမ်းချက်အရ စစ်ခေါင်းဆောင်ရဲ့ အမိန့်အရ လုပ်ရတာလို့သိရပါတယ်။
စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်အုပ်ချုပ်ရေးက ပထမကြိမ် အစည်းဝေးပွဲ၌ ယခုနှစ်မှာ ကျင်းပပြုလုပ်မည်မဟုတ်ကြောင်း သတ်မှတ်ခဲ့ပေမဲ့ ယခုနှစ် ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် အစည်းဝေးပွဲမှာတော့ ဘုရားပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း အတည်ပြုသိရှိရပါတယ်လို့ ဖော်ပြလာတာပါ။
“ညောင်ရွှေမြို့နယ် ထဲမှာ လည်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်၊ ဘုရားဒေသစာရီကြွချီတဲ့ပွဲဟာလည်း တလနီးပါးကြာပါတယ်၊ ဒေသလုံခြုံရေးမရှိ၊ နယ်မြေမအေးချမ်းတဲ့ အချိန် တွင်း အလွန်အန္တရာယ် ကြီးပါတယ်၊ တခြမ်းမှာ ကမ်းပြိုနေပြီး တခြမ်းက အေးချမ်းသယောင် (ဘုရားပွဲ အကြောင်းပြ)ပျော်ပွဲရွှင်ပွဲ လုပ်နေတာလည်း လူမဆန်ပါဘူး””လို့ အင်းလေး ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
အင်းလေးဒေသတွင်း ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ပြည်သူတွေလည်း အများကြီးရှိနေပြီး ကုန်စျေးနှုန်းကြီးမြှင့်ကာ ဝင်ငွေနည်းပါးမှုဒဏ်ကို ဒေသခံတွေခံစားနေရတာဖြစ်ပါတယ်။
အင်းလေးဖောင်တော်ဦးဘုရားဒေသစာရီကြွချီအပူဇော်ခံတဲ့ပွဲကို ၂၁ရက်ကြာပြုလုပ်တာဖြစ်ပြီး ရွာစဥ်အဆင့်ဆင့် ကိန်းဝပ်ကြွချီတာဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ၃ နှစ် မလုပ်ဖြစ်ခဲ့တဲ့ပွဲကို မနှစ်၂၀၂၃ခုနှစ်မှာ စစ်ခေါင်းဆောင်ကိုယ်တိုင်လာရောက်ခဲ့ပြီး ကျင်းပခဲ့တာပါ။
“မအလ က သူစစ်ရှူံးနေတာကို မရှူံးသယောင်ဟန်ဆောင်ချင်လို့ လုပ်တာ၊ မကြာခင်ကသူရောက်တဲ့ မန္တလေးနန်းမြို့ရိုးပြိုတာ၊ ကျောက်တော်ကြီးဘုရားစိန်ဖူးတော်မိုးကြိုးထိလို့ မြေခတာတွေ နိမိတ်မကောင်းတာတွေဖြစ်တာ သူ့အကုသိုလ်နဲ့သူဆိုပေမယ့် အင်းလေးမှာဖြစ်ရင် အင်းသူအင်းသားတွေ မပါဖို့ ဆုတောင်းပါတယ်”လို့ အင်းလေးသူ တစ်ဦးက ပြောပါတယ်။
ယခုနှစ်ဘုရားပွဲတော်ကျင်းပတဲ့အစီအစဥ် ကို မသိရသေးပေမယ့်အရင်နှစ်က သီတင်းကျွတ်လဆန်း ၁ရက်ကစတင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ အင်းလေးကန် တောင်ဘက်နဲ့ အရှေ့ဘက်တွေမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲမဖြစ်ဘဲငြိမ်သက်နေပေမယ့် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တဲ့ အခြေအနေရှိနေပါတယ်။
MK-012












