မဲခေါင်၊ ဩဂုတ် ၂၇
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဩဂုတ်လ နောက်ဆုံးပတ်အတွင်း အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေမပါဘဲ စစ်ကောင်စီက ရှောင်တခင် ဧည့်စာရင်းဝင်စစ်နေတယ်လို့ ကြုံတွေ့ခဲ့ရတဲ့ မြို့ခံတွေက ပြောပါတယ်။
တောင်ကြီးမြို့ မြောက်ဘက်ပိုင်းက ရတနာသီရိ၊ ညောင်ဖြူစခန်း၊ စဝ်စံထွန်း၊ ပြည်တော်သာ၊ မင်္ဂလာဦး စတဲ့ ရပ်ကွက်တွေကို ညစဉ် ၁၁ နာရီတိုင်း ကင်းပတ်ပြီး ရှောင်တခင် ဧည့်စာရင်း စစ်နေတာပါ။
“အုပ်ကြီးနဲ့ နယ်မြေမှုးတွေမပါဘူး ဝင်စစ်တာ။ ပျူစောထီး၊ ရဲနဲ့ စစ်သားတွေ အိမ်ထောင်စုစာရင်းပြခိုင်းတယ်။ တချို့ သံတံခါးအိမ်တွေဆို တဒုန်းဒုန်းနဲ့ထုပြီး အိမ်ရှင်တို့ ဧည့်စာရင်းစစ်မယ်။ တံခါးမဖွင့်မချင်း ဆူညံနေတာနော်။ ဘာမှလဲ မဟုတ်ဘူးဗျာ့။ အလန့်တကြား ကလေးတွေ လူကြီးပိုင်းတွေ အိပ်ရေးပျက်တာဘဲ စောက်ရူးတွေဗျာ” လို့ ကြုံခဲ့ရသူ တစ်ဦးက ပြောပါတယ်။
ဧည့်စာရင်း စစ်တဲ့အုပ်စုမှာ စစ်ကား ၅ စီးခန့် လူအင်အားအပြည့်နဲ့ ရောက်လာပြီး စစ်ကောင်စီတပ်နဲ့ သူတို့ လက်အောက်ခံ ပျူစောထီး၊ ရဲတွေ ပါဝင်ကြတယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးကတော့ တစ်ခါတစ်လေမှသာ ပါဝင်ပြီး လိုက်ပါတဲ့အခါမှာလည်း အုပ်ချုပ်ရေးမှူးတွေက အာဏာမရှိတော့တာကြောင့် ကားပေါ်မှာပဲ မှန်တံခါးပိတ်ပြီး စောင့်နေရတယ်လို့ သိရပါတယ်။
“ညအိပ်ကောင်းပြီဆို သူတောင်းစားတွေက ရောက်လာပြီ။ မဖွင့်မချင်း ထုတာနော်။ ကန်လည်း ကန်တယ်။ အုပ်ကြီးရောဆိုတော့ မပါဘူးတဲ့။ ကားပေါ်ကြည့်တော့ အုပ်ကြီးက မျက်မှန်တပ်ပြီး မှန်ချက်ချင်း ချလိုက်တာ။ ဝင်စစ်ဦးမလား ဆိုတော့ လက်ဘက်ရည်ဖိုး ၂ သောင်းပဲပေး ဆိုလို့ ပေးလိုက်ရတယ်” လို့ ကိုယ်တိုင်ကြုံခဲ့ရသူ နောက်တစ်ဦးက ပြောပါတယ်။
တောင်ကြီးမြို့မှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေဟာ ဧည့်စာရင်းတိုင်ရာမှာ တစ်ဦးကို ၅ ထောင်ကျပ် ပေးနေရပြီး မတိုင်တဲ့လူတွေကိုလည်း ဧည့်စာရင်း ဝင်စစ်တဲ့အချိန်မှ သိရှိတာမျိုး ဖြစ်ခဲ့ရင်တော့ ငွေကျပ်သိန်းဆယ်ချီပေးရတယ်လို့ သိရပါတယ်။
ဧည့်စာရင်းတိုင်တဲ့ လူတွေဟာလည်း နေရပ်ပြန်ခဲ့ရင် အုပ်ချုပ်ရေးမှူးကို အကြောင်းကြားရပြီး ပြန်လာခဲ့ရင် နောက်တစ်ကြိမ်ပြန်တိုင်ရပြီး ငွေကြေးထပ်ပေးရတာကြောင့် သွားလိုက်ပြန်လိုက် လုပ်နေတဲ့ စစ်ဘေးရှောင်တွေအတွက် ငွေကြေးကုန်ကျမှုများနေတယ်လို့ ဆိုပါတယ်။
MK-015








