မဲခေါင်၊ သြဂုတ် ၂၇
ရှမ်းမြောက်၊ ကျောက်မဲမြို့ကို ထိန်းချုပ်ထားတဲ့ TNLA က ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးအသစ်က လမ်းပေါ် စျေးတက်ရောင်းတဲ့သူတွေကို သေနတ်ပစ်ဖောက်ကာ ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကျောက်မဲမြို့၊ မင်္ဂလာစျေးမှာ ကားလမ်းမပေါ် ပျံကျစျေးသည်တွေ တက်ရောင်းနေတာကို TNLA က ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး ဦးစိုးနိုင် ခေါ် ဘောကုလားက သေနတ်ပစ်ဖောက် ရှင်းလင်းခဲ့တာလို့ သိရပါတယ်။
“သေနတ်ဖောက်တာ ၄/၅ ချက်လောက်ရှိမယ်၊ ပြီးတော့ နောက်ပိုင်း လမ်းပေါ်စျေးတက်ရောင်းရင် ဂတုံး တုံးပစ်မယ်လို့ ပြောတယ်”လို့ ကျောက်မဲမြို့ခံ ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
သေနတ်ဖောက် ရှင်းလင်းခဲ့တဲ့အတွက် မနက်ခင်းစျေး၊ လမ်းမတွေပေါ်မှာ မရောင်းရဲတော့ဘဲ မင်္ဂလာစျေး၊ စျေးသစ်အတွင်းမှာသာ ရောင်းရတဲ့အတွက် ကားလမ်းမပေါ်မှာ သွားရလာရ အဆင်ပြေပြီး ယာဉ်ကြောပိတ်ဆို့မှု မဖြစ်တော့တဲ့အတွက် ဝမ်းသာရပါတယ် လို့ ဒေသလူမှုကွန်ရက်မှာ ဖော်ပြလာတာတွေ့ရပါတယ်။
“သေနတ်ဆိုတော့လဲကြောက်တာပေါ့ဗျာ၊ ဟိုနေ့ကဆို ဆံပင်ညှပ်နေတာ ၊ အကုန်ဆိုင်ပိတ်ခိုင်းလို့ ဆံပင်တခြမ်းပဲညှပ်ရသေးတာ၊ ကြောက်လို့ ပြန်ခဲ့ရပြီး နောက်နေ့မှ ပြန်ညှပ်ရတဲ့ သူလဲရှိတယ်၊ အမိန့်မလိုက်နာရင် သေနိုင်တာကိုးဗျ”လို့ ဒေသခံ ၁ ဦးက မဲခေါင်သတင်းဌာနကိုပြောပါတယ်။
လက်ရှိ TNLA က အုပ်ချုပ်ရေးမှူးခန့်လိုက်တဲ့ ဦးစိုးနိုင် ခေါ် ဘောကုလားမှာ ကျောက်မဲခရိုင်အထူးတပ်ဖွဲ့ PDF က ဖြစ်ပြီး ယခင်ကကုန်တင်ကုန်ချလုပ်သား တစ်ဦးလို့ သိရပါတယ်။
လက်ရှိ ၇ ရပ်ကွက်မှာ ဆိုင်ကယ်အရောင်းဆိုင်ဖွင့်ထားပြီး ၂ စီးဝယ် ၁ စီးလက်ဆောင်ပေးနေတယ်လို့ ၄င်းရဲ့ ခင်မင်သူမိတ်ဆွေတွေကပြောနေတယ်လို့ သိရပါတယ်။
ကျောက်မဲမြို့ကို TNLA ၊ PDF တပ်ပေါင်းစုက ၁၀၂၇ စစ်ဆင်ရေး အပိုင်း-၂ မှာ စစ်ကောင်စီလက်အောက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ယခုမှာ အုပ်ချုပ်ရေးပိုင်းကို အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။
MK-012








