လင်းမောင်
သတင်းအချက်အလက်ခေတ်ထဲရောက်နေချိန် တရုတ်ကွန်မြူနစ်ပါတီကတော့ ကမ္ဘာအနှံ့ ကျယ်ပြန့်ထွန်းပေါက် နေတဲ့ TikTok ကို လက်နက်အဖြစ် အသုံးချနေပါပြီ။ တရုတ် ကုမ္ပဏီ ByteDance ပိုင်ဆိုင်တဲ့ TikTok က algorithms တည်ဆောက်ထားပုံက တစ်ဖက်ကလည်း တရုတ်အစိုးရ မူဝါဒကို ထောက်ခံမြှင့်တင်ပေးနေသလို အစိုးရအပေါ် ဝေဖန်မှုတွေကိုလည်း ဖိနှိပ်ချုပ်ခြယ်ထားရှိဖို့ တရုတ်ကွန်မြူနစ်ပါတီက လက်နက်သဖွယ် အသုံးချ နေကြောင်း မကြာသေးခင်ကပဲ Rutgers University နဲ့ the Network Contagion Research Institute (NCRI) တို့ လေ့လာမှုမှာ ရှာဖွေတွေ့ရှိနိုင်ခဲ့ပါတယ်။ ဒီ ဒစ်ဂျစ်တယ် ခြယ်လှည်မှုဟာ အမေရိကန် တစ်နိုင်ငံတည်းကိုသာ ရည်ရွယ်ပစ်မှတ်ထားတာမဟုတ်ဘဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ရှိတဲ့ ဒီမိုကရေစီစံနှုန်းတွေအပေါ် ကြီးမားသော ခြိမ်းခြောက်မှုတွေကို ကိုယ်စားပြုနေတာဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်မှာတော့ TikTok algorithms တည်ဆောက်ထားပုံက တရုတ်ထောက်ခံ ဇာတ်ကြောင်းတွေ ဘာသာပြန်မှုတွေအပေါ် မြှင်တင်ပြီး အာရုံထွေပြားမှုတွေဖြစ်စေသလို တရုတ်ကွန်မြူနစ်ပါတီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအကြောင်းတွေအပေါ် ဖိနှိပ်ထားတာ သေချာသွားစေခဲ့ပါတယ်။ သူတို့ တွက်ချက်ချဉ်းကပ်တဲ့ လမ်း ကြောင်းက လူငယ်ထုကိုပဲ ပစ်မှတ်ထားပြီး တရုတ်ကွန်မြူနစ်ပါတီ CCP ရဲ့ ဝါဒဖြန့် မှိုင်းတိုက်မှုတွေကို အဓိက သွပ်သွင်းပေးနေတာဖြစ်ပါတယ်။ ဒီ App မှာ အထူး ဆတ်ဆတ်ထိမခံ စိုးရိမ်စရာတွေဖြစ်နေစေတာကို လေ့လာ ကြတော့ ရှင်းကျန်းမှာ အိုက်ဂါလူမျိုးတွေကို လူမျိုးတုံးသတ်ဖြတ်ဖိနှိပ်ထားမှု၊ တိဘက်ကို ဖိနှိပ်ခြယ်လှယ်ထားမှု၊ တီယန်နမ်ရင်ပြင်လူသတ်ပွဲအကြောင်းတွေမှာ ပိတ်ဆို့ထားပြီး တရုတ်ဝါဒဖြန့်ထောက်ခံမှုတွေကိုသာ လှည့်ဖြား ဖြန့်ချိပေးနေတာကို တွေ့ရှိခဲ့ရပါတယ်။
တရုတ်ဆန့်ကျင်ရေး အမြင်တွေ၊ မူဝါဒတွေဆိုရင် စနစ်တကျကို တားဆီး ပိတ်ဆို့ထားတာ သွားတွေ့ရတယ်။ ရှင်းကျန်းကို TikTok မှာ လိုက်ရှာဖွေတဲ့ Result က ၂ . ၃ ရာခိုင်နှုန်းပဲ ရှိတယ်။ YouTube မှာ ၂၁ . ၇ ရာခိုင်နှုန်း၊ အင်စတာဂရမ်မှာဆို ၁၇ . ၃ ရာခိုင်နှုန်း ရှာဖွေမှုတွေ ရှိပါလျှက် TikTok မှ သူတို့ နာမည်ဆိုးနဲ့ ကျော်ကြားစေတဲ့ ရှင်းကျန်းမြို့ရှာဖွေမှုနှုန်းကို အတင်း ပိတ်ဆို့ထိန်းချုပ်ထားတာကြည့်ရင် တရုတ်ကွန်မြူနစ်ပါတီနောက်ကွယ်က TikTok ကို ထိန်းချုပ်ထားတာ မြင်သာစေပါတယ်။တစ်နည်းအားဖြင့် CCP ရဲ့ ရက်စက်ယုတ်မာမှုတွေကို ဖြူစင်ကြောင်း လိမ်လည်ပြသမှုတွေမှာ TikTok အခန်းကဏ္ဍ ဘယ်လောက်ပါဝင် နေသလဲဆိုတာာကို မီးမောင်းထိုးပြလိုက်ခြင်းလည်းဖြစ်ပါတယ်။
CCP ရဲ့ ဒစ်ဂျစ်တယ် ဝါဒဖြန့်မှု မူဝါဒဟာ ဆင်ဆာတည်းဖြတ်ခြင်းတစ်ခုလောက်မှာပဲ တည်ရှိတာမျိုးမဟုတ်ပါ ဘူး။ သူတို့ရဲ့ မူဝါဒတွေကို ခရီးသွားလာမှုတင်ဆက်တဲ့ နာမည်ကြီးဩဇာလွှမ်းမိုးနိုင်သူတွေဆီကမျိုး တခြား လူနေမှုဘ၀မြင့်မားမှုအခြေပြ Content တင်ဆက်သူတွေဆီကနေ တရုတ်လိုလာတဲ့ ဇာတ်ကြောင်းတွေကို သိမ်မွေ့စွာ အားဖြည့်ပြီး အပြစ်ကင်းပါတယ်ဆိုတဲ့ လိမ်ညာဖုံးကွယ်မှုပလက်ဖောင်းတွေကနေ ကြည့်နေသူ တွေကိုယ်တိုင်တောင် မသိလိုက်ရဘဲ လက်ခံသလိုဖြစ်ရအောင် ဦးစားပေးတင်ဆက်ကြပါတယ်။
လေ့လာတွေရှိမှုမှာ ထင်ရှားပေါ်လွင်စေတာက CCP ရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အကောင်းမြင်ဝါဒမျိုး တင်ဆက်ပြသူရဲ့ ကြည့်ရှုသူ တိုးနှုန်းဟာ သာမန် တင်ဆက်သူထက် ကြည့်ရှုမှု ၄၉ ရာခိုင်နှုန်းပိုများအောင် TikTok’s algorithm က တွက်ချက်ပေးထားတာကြည့်ရင်လည်း ဒီဒစ်ဂျစ်တယ်ခြိမ်းခြောက်မှုရန်ဆွယ်ကို အားချင်းသိရှိနားလည် ဖြေရှင်းနိုင်ဖို့ လိုနေပြီဖြစ်တာ သက်သေပြပါတယ်။
TikTok ဟာ CCP အတွက် ဝါဒဖြန့် ခြင်းလက်နက်တစ်ခုတည်းသာ မဟုတ်သေးပါဘူး။ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတွေက သူတို့နိုင်ငံရဲ့ ကာလရှည်လုံခြုံရေးကို ထိပါးခြိမ်းခြောက်နေတဲ့ ထရိုဂျန်မြင်းကြီးလို့ပါ ခေါ်ဆိုကြပါတယ်။ အမေရိကန်ဘက်က စိုးရိမ်ရတဲ့အကြောင်းကတော့ TikTok ကိုပိုင်ဆိုင်ထားတဲ့ ByteDance ကို CCP က အမေရိကန်တစ်လွှားက TikTok အသုံးပြုသူတွေဆီက အချက်အလက်တွေကို ဖိအားပေး ရယူခြင်းမျိုးရှိနေပြီဆိုရင် ဒါဟာ အမျိုးသားရေး ခြိမ်း ခြောက်ခံရမှုအဆင့်မျိုးအထိရှိတယ်လို့ တွက်ချက်စရာဖြစ်လာနေတာပါပဲ။ ဒါကြောင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကမှာ TikTok ဆက်အလုပ်လုပ်စေချင်ရင် ဥပဒေအရ အချက်အလက်တွေ ခိုးမယူနိုင်တော့ မယ့် ရောင်းချမှုမျိုး လုပ်မလား၊ ဒါမှမဟုတ် တစ်နိုင်ငံလုံးမှာ ပိတ်သိမ်းရမလားလို့ ရာဇသံပေးခဲ့တာပဲဖြစ်ပါတယ်။
CCP ရဲ့ ဒစ်ဂျစ်တယ်မူဝါဒဟာ အချက်အလက် စုဆောင်းကောက်ယူမှု တစ်ခုတည်းအတွက်သာမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံအတွင်းက သန်းပေါင်းများစွာသော လူငယ်အသုံးပြုသူတွေရဲ့ အတွေးအမြင်မှာ တရုတ်ရဲ့ မူဝါဒ ကောင်းကြောင်းနဲ့ ဒီမိုကရက်တစ်စံနှုန်းတန်ဖိုးတွေ ကျဆင်စေတဲ့ အမြင်မျိုးတွေလည်း ရှိလာစေဖို့ ဝါဒဖြန့်ပါတယ်။ TikTok ဟာ CCP ရဲ့ ကမ္ဘာချီဝါဒဖြန့် လက်နက်ပါ။ သူတို့အစိုးရရဲ့ ဒီမိုကရေစီစံနှုန်းချိုးဖောက်မှု တွေက အကောင်းဖြစ်တယ်၊ ရှင်းကျန်း၊ တိဘက်အရေး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကမ္ဘာက ဝေဖန် နေကြချိန် သူတို့လုပ်ရပ်သည်သာ သဘာ၀ကျတဲ့ အမှန်တရားဖြစ်တယ်ဆိုတာမျိုး လူငယ်တွေ ဦးနှောက်ထဲ ရိုက်သွင်းပေးဖို့ စီမံထားတယ်။ CCP ရဲ့ ပထဝီနိုင်ငံရေးရည်မှန်းချက်၊ ဒီမိုကရေစီ လူမှုအသိုင်းအဝိုင်းတွေအပေါ် ကာလရှည် မဟာဗျူဟာကျတဲ့ ခြိမ်းခြောက်မှုတွေကို လုပ်ဆောင်ပေးနေပါတယ်။
ဘာတွေတုံ့ပြန်ဖို့ လိုမလဲ။ အမေရိကန်က ByteDance ကို ဥပဒေပြုပြီး တိကျပြတ်သားစွာ မူဝါဒ ချမှတ်ပေးခဲ့ သလို တခြား နိုင်ငံတွေလည်း လိုက်ပါ လုပ်ဆောင်သင့်ပါတယ်။ ဒစ်ဂျစ်တယ်ပလက်ဖောင်း အသုံးပြုသူတွေကို ပညာပေးပို့ချမှုတွေ လုပ်ပေးသင့်တယ်။ အထူးသဖြင့် လူငယ်ထုကိုပါ။ ကိုယ်အသုံးပြုနေတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းက ဘာမူဝါဒကို ကိုင်ထားလည်းဆိုတာ သိကြစေဖို့လိုတယ်။ ဒီမိုကရက်တစ်နိုင်ငံတွေဟာ ပိုမို ပွင့်လင်းမြင်သာတဲ့၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိတဲ့၊ အသုံးပြုသူ အချက်အလက်တွေကို ကာကွယ်ထိန်းသိမ်း ပေးတဲ့ လူမှုကွန်ရက်တွေ ထူထောင်ပေးသင့်တယ်။ လေ့လာတွေ့ရှိမှုမှာ TikTok ရဲ့ အချက်အလက်ဖောက်ယူမှု၊ တရုတ်အစိုးရနောက်ကွယ်က ထိန်းချုပ်ပြီး ကန့်သတ်ခြယ်လှယ်မှုတွေရှိနေခြင်းက သေချာစေခဲ့ပါတယ်။ လွတ်လပ်စွာ ဖော်ပြခြင်းဆိုတာမျိုးလည်း ဒီ App မှာ ရှိမနေပါဘူး။
နိဂုံးချုပ်တင်ပြရရင်တော့ TikTok ဟာ တရုတ်အစိုးရ တစ်ဖြစ်လည်း CCP ရဲ့ ဒီမိုကရက်တစ် အသိုင်းအဝိုင်းအပေါ် လက်နက်သဖွယ် အသုံးပြုခြိမ်းခြောက်နေတဲ့ အရာ၊ လွတ်လပ်တဲ့ ဒီမိုကရက်တစ်အသိုင်းအဝိုင်းရဲ့ ကမ္ဘာလုံးဆိုင် ရာ စံနှုန်းတန်ဖိုးတွေကို ပျက်ပြားစေဖို့ ခြိမ်းခြောက်နေတဲ့ အရာ ဖြစ်တယ်ဆိုတာ ရှင်းလင်းစွာ မြင်တွေ့ရပါပြီ။ ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းတွေဟာ ဒီမိုကရေစီစံနှုန်းနဲ့ သွားတဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းဆိုတာ နောက်ကွယ်က ဝါဒဖြန့်အစိုးရမပါတာဖြစ်စေဖို့၊ လူငယ်တွေအနေနဲ့ TikTok နောက်ကွယ်မှာ ဘယ်လို ချုပ်ကိုင် ဝါဒဖြန့်နေသလဲဆိုတာ ပိုအသိအမြင်တွေရှိလာအောင် သွန်သင်ပြသကြဖို့၊ ဒီမိုကရက်တစ်အဖွဲ့အစည်းတွေရဲ့ စံနှုန်းကို ကွန်မြူနစ်ဝါဒစွဲကိုင်ထားပြီး တိုက်ခိုက်နေတဲ့ တရုတ်ရဲ့ ဩဇာလွှမ်းမိုးလိုမှုတွေကို အားလုံးသိအောင် လှုံ့ဆော်ပေးနိုင်ဖို့တွေ မဖြစ်မနေ လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။








