မဲခေါင်၊ ဩဂုတ် ၂၆
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အထင်ကရ လှိုင်ဂူဖြစ်တဲ့ ဟိုပုံးမြို့နယ်၊ ထန်စန်းဂူမှာ မိုးရက်ဆက် ရွာသွန်းမှုကြောင့် ဂူတွင်း ရေကြီးရေလျှံဖြစ်နေတယ်လို့ ဘုရားဖူးဧည့်သည်တွေက ပြောပါတယ်။
ပြီးခဲ့ ၃ ရက်ကတည်းက မိုးရက်ဆက် ရွာသွန်းမှုကြောင့် တောင်ကျရေတွေက ဂူတွင်းစိမ့်ဝင် လာတာနဲ့အမျှ ရေမြုပ်နေပြီး ဘုရားဖူးဧည့်သည်တွေအနေနဲ့ ဝင်လို့မရသေးဘူးလို့ ဆိုပါတယ်။
“အရင်ရက်ကတည်းက သတင်းကြားလို့ ဧည်သည့်မလာကြတော့ဘူး။ အခုတော့ မသိတဲ့ ဧည့်သည်တွေ တချို့ လာနေကြတယ်။ ဝင်လို့တော့ မရဘူးပေါ့” လို့ ထန်စန်းဂူမှာ ဝေယျာဝစ္စလုပ်ပေးနေသူ တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ရေဟာဘုရားစင်ရဲ့ အောက်ဆုံးလှေကားထစ်ကို ရောက်နေပြီး လာမယ့်ရက်တွေမှာပါ မိုးဆက်ရွာခဲ့ရင်တော့ ဘုရားလည်း နေရာရွှေ့ရနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ထန်စန်းဂူဟာ မြန်မာနိုင်ငံအဝှမ်း ဘုရားဖူးဧည့်သည်တွေ မကြာခဏ လာရောက်ကြတဲ့ လှိုင်ဂူတစ်ခုဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဘုရားဖူးဧည့်သည်တွေ မလာသလောက် သိသိသာသာလျော့နည်းသွားတယ်လို့ ဂေါပကတွေဆီက သိရပါတယ်။
ဩဂုတ်လအတွင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေ ဖြစ်တဲ့ ပင်လောင်းနဲ့ ဟိုပုံးမြို့နယ်တို့မှာ ရေကြီးရေလျှံမှုတွေ မကြာခဏ ကြုံနေရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ထန်စန်းဂူသွားလည်းမှာ တောင်ပြိုမှု ဖြစ်ပွားခဲ့ပါသေးတယ်။
MK-014











