မဲခေါင်၊ ဩဂုတ် ၂၆
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ရှမ်းမြောက် စစ်ဘေးရှောင်တွေအတွက် လိမ်လည်အလှူခံမှုတွေ ပေါ်ပေါက်နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောပါတယ်။
ဩဂုတ်လ နောက်ဆုံးပတ်အတွင်း တောင်ကြီးမြို့ပေါ်မှာ စစ်ဘေးရှောင်တွေကို လက်ခံထားသယောင်နဲ့ လူမှုကွန်ယက်စာမျက်နှာ (Facebook)ပေါ်မှာ အလှူခံနေတာပဲ ဖြစ်ပါတယ်။
“တောင်ကြီးကလည်း ပြောတယ်။ ဘယ်မှာ ရှိလဲ လာလှူမယ်ဆိုတော့ မဖြေဘူး။ Kpay ပဲ လွှဲခိုင်းနေတာ။ စစ်ရှောင်တွေနဲ့ တိုက်ရိုက်တွေ့မယ်ဆိုလည်း မရဘူး” လို့ ကိုယ်တိုင်ကြုံခဲ့ရသူ တစ်ဦးက ပြောပါတယ်။
လိမ်လည်သူတွေဟာ Facebook စာမျက်နှာပေါ်က တောင်ကြီးသားများ ဆုံစည်းရာ Group တွေမှာ လှည့်လည် အလှူခံနေပြီး ကရင်နီပြည်နဲ့ ရှမ်းမြောက်က စစ်ဘေးရှောင်ပုံတွေကို အသုံးပြုထားကို လေ့လာတွေ့ရှိရပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်တွေအတွက် ချက်ပြုတ်နေတဲ့ ဓါတ်ပုံတွေဟာလည်း ကွန်ဟိန်း၊ ကာလိတို့ဘက်က ဖြစ်ပြီး ဝေမျှနေတဲ့ အကောင့်ပိုင်ရှင်ဟာ အရင် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတုန်းကလည်း ငွေကျပ် ၁၀ သိန်းကျော် လိမ်လည်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
“ဒီလိုမျိုး ပေါ်လာရင် ညီညီညာညာ Report ထုကြပါ။ တော်လှန်ရေး ရှိသရွေ့ လူလိမ်က ရှိမှာပဲ။ အဲတော့ လှူမယ်ဆိုရင် ဒီလူက ကိုယ်နဲ့သိလား။ မှတ်တမ်းရနိုင်လား။ တကယ်ရော မြေပြင်မှာ ရှိလား။ တကယ် စစ်ရှောင်တွေနဲ့ ချိတ်ပေးနိုင်လား။ အဲဒါတွေ စီစစ်ကြဖို့ မှာကြားချင်ပါတယ်” လို့ တောင်ကြီးမြို့ရှိ ထောက်ပို့တပ်သား တစ်ဦးက ပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက CDM၊ PDF နဲ့ စစ်ဘေးရှောင်တွေအတွက် လိမ်လည်အလှူခံသူတွေ မကြာခဏ ပေါ်ပေါက်နေပြီး စစ်ကောင်စီ ထောက်ခံတဲ့ မီဒီယာတွေကလည်း နေ့စဉ်နဲ့အမျှ သတင်းမှားတွေ ဖြန့်ဝေနေတယ်လို့ သိရပါတယ်။
MK-014








