မဲခေါင်၊ သြဂုတ် ၂၄
ရှမ်းတောင်၊ ပအိုဝ်းဒေသမှာ စစ်ကောင်စီက တိုက်ခိုက်လာလို့ ဖြစ်ပွားလာတဲ့ တကျော့ပြန် တိုက်ပွဲအခြေအနေတွေကို ယနေ့ သြဂုတ်လ ၂၄ ရက်နေ့မှာ PNLA က ထုတ်ပြန်လာပါတယ်။
ထုတ်ပြန်ချက်မှာ တိုက်ပွဲပေါင်း ၁၄ ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အသေမိ ၄၈ ဦး၊ လက်နက်ငယ် ၁၄ လက်၊ ၆၀ မမ စိန်ပြောင်းတို ၁ လက်၊ ဒရုန်း ၂ စင်း ဖမ်းဆီးရမိတယ်လို့ ပါရှိပါတယ်။
“ဒီတိုက်ပွဲတွေက ကျနော်တို့ ပအိုဝ်းဒေသ ပအိုဝ်းနယ်မြေကို စစ်ကောင်စီနဲ့PNO တွေက ဆီဆိုင်အရှေ့ဘက်က ပအိုဝ်းကျေးရွာတွေကိုဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ရတာဖြစ်တယ်၊ လက်နက်ကိုင်ထားတဲ့ ပအိုဝ်းအဖွဲ့အစည်းမှန်သမျှ ပအိုဝ်းဒေသလူထုကိုနှိပ်စက်နေတဲ့ စစ်ကောင်စီကို စုပေါင်းတိုက်ဖို့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုတယ်၊ မည်သူကိုမဆို PNLA က ကြိုဆိုပါတယ်”လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
တိုက်ပွဲတွေမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီအလောင်းတွေကို ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့တယ်လို့လဲပြောပါတယ်။
သြဂုတ်လအတွင်းမှာ စစ်ကောင်စီက ပအိုဝ်းကျေးရွာတွေကို လေယာဉ်နဲ့ပေါင် ၅၀၀၊ ၃၀၀ ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ပြည်သူ့နေအိမ် ၄ လုံးနဲ့ ဒေသခံ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီးကြောင့် ပန်အောင်ကျေးရွာမှာ မိခင်ဖြစ်သူသေဆုံးပြီး ၃နှစ်အရွယ် ကလေးငယ် ၁ ဦးဒဏ်ရာရခဲ့တာအပြင် လွယ်ထွယ်ကျေးရွာကို လက်နက်ကြီး အကြိမ် ၂၀ ကျော် တိုက်ခိုက်ခဲ့လို့ ပအိုဝ်းပြည်သူ ၃ ထောင်ကျော် အိမ်ယာတွေကို စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ အမိုးအကာတွေလိုအပ်နေတာကို ကူညီကြဖို့နဲ့ လူငယ် ၃ ဦး ကို PDF လို့ စွပ်စွဲဖမ်းဆီးကာ၂ ဦးကို သတ်ဖြတ်ပြီး ၁ ဦးမှာ သတ်သူရဲ့ဆွေမျိုးတော်စပ်နေလို့ ငွေ ၅သိန်းနဲ့ရွေးရပြီး PNO ထဲ ဝင်ရောက်ခိုင်းကြောင်း၊ ငွေ ၁၀ သိန်းမထည့်နိုင်လို့ စစ်ကာင်စီတပ်ထဲဝင်ရမှာကိုကြောက်လို့ ရွာက ထွက်ပြေးလာတဲ့ လူငယ် ၃ ဦးကို PNLA က မိဘထံပြန်အပ်တာတွေ ပြလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
လက်ရှိမှာ PNO က လက်နက်မပါ အင်အား ၁ သောင်းနဲ့စစ်ရေးပြတာ၊ PNO ခေါင်းဆောင်ပိုင်းက PNLA ထံ စာပေးပို့တာတွေကြားရတာရှိခဲ့ပြီးနောက် ပအိုဝ်းဒေသမှာ တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
MK-012








