မဲခေါင်၊ ဩဂုတ် ၂၄
မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လူငယ် အယောက် ၁ဝဝ ခန့် စစ်မှုထမ်းဖို့တွက် စစ်ကောင်စီတပ်က ပေါ်တာဆွဲခဲ့တဲ့အပေါ် ပေါက်ကိုယ်တော်က သူရဲ့ လူမှုကွန်ယက်စာမျက်နှာ (Facebook)အကောင့်မှာ ပြင်းပြင်းထန် ဝေဖန်ထားပါတယ်။
အဲဒီလူငယ် အယောက် ၁၀၀ ထဲမှာ ခေါက်ရှာကုန်းရွာက ညီအစ်ကို ၂ ဦးလည်း ပါသွားခဲ့ပြီး ပေါက်ကိုယ်တော်က လိုက်ထုတ်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖက်က ခွင့်မပြုတာကြောင့် အခုလို ဝေဖန်လိုက်တာပဲ ဖြစ်ပါတယ်။
“အဲ့လို လူတွေအများကြီးခေါ်တယ်။ အဲ့ဒီကောင်က စစ်မှုထမ်းချင်တဲ့စိတ် ရှိပါ့မလား။ ဖမ်းခံရတာလေ ရှိပါ့မလား။ အဲ့ဒီကောင်လိုမျိုးတွေကို အဲ့လိုမျိုး မတရားဖမ်းပြီးမှ ထွေအုပ်တွေက စစ်မှုထမ်းထဲ ကောက်ထည့်လိုက်မယ်၊ အဲ့ဒီကောင်ကို ရှေ့တန်း လွှတ်လိုက်မယ်ဆိုရင် အဲ့ဒီကောင် အလံဖြူထောင်ဖို့ လက်နက်ချဖို့ အဆင်သင့်ဖြစ်ပြီးသား။ အဲ့တော့ လက်နက်လည်း ဆုံးရှုံးမယ်။ စစ်လည်းရှုံးမယ်။ အဲ့တော့ ထွေအုပ်တွေက ဖရဲသီးတွေများ ဖြစ်နေမလားလို့ ဦးဇင်းက သုံးသပ်ချင်တယ်ဗျ”လို့ ပေါက်ကိုယ်တော်က ပြောတာပါ။
မဘသ ဒုတိယမျိုးဆက် ပျူစောထီး ခေါင်းဆောင်ဖြစ်တဲ့ ပေါက်ကိုယ်တော်ဟာ မင်းအောင်လှိုင် အပါအဝင် အာဏာသိမ်းစစ်တပ်ကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေမှာ ရှေ့တန်းက ပါဝင်ခဲ့ပေမယ့် မဘသတွေနဲ့ စစ်တပ်ထောက်ခံတဲ့ လူငယ်တွေ သူတို့ ဆန္ဒမပါဝင်ဘဲ စစ်တပ်က ပေါ်တာဆွဲနေတဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်နေတာပါ။
ဆက်လက်ပြီး စစ်မှုထမ်း ခေါ်ယူတဲ့ ကိစ္စတွေမှာ ထွေအုပ်ကို တာဝန်ပေးထားပြီး စစ်ကောင်စီတပ်က ဝင်မပါတဲ့ အပေါ်ကိုလည်း သူက ဆက်ပြီး ဝေဖန်ထားပါတယ်။
“အဲ့ဒါ ထွေအုပ်တွေ လုပ်တာတဲ့။ ထွေအုပ်တွေနဲ့ပဲ ဆိုင်တာ။ ဗိုလ်မှူးတွေမှာ ဝင်စွက်ပိုင်ခွင့် မရှိဘူးဆိုပြီး သိခဲ့ရတယ်”
ပေါက်ကိုယ်တော်က စစ်မှုမထမ်းချင်တဲ့ မဘသတွေနဲ့ စစ်တပ်ထောက်ခံတဲ့ လူငယ်တွေ အတင်းအဓမ္မ ခေါ်မယ့်အစား လက်နက်ခဲယမ်းတွေသာ တပ်ဆင်ပေးရင် စစ်တိုက်ချင်တဲ့လူတွေကို လူစုပေးမယ်လို့လည်း သူရဲ့ Live မှာ ပြောဆိုထားပါတယ်။
“ ပေါက်ကိုယ်တော်ရဲ့ လုပ်ရပ်ဟာ လူသတ်မှုကို ကိုယ်တိုင် ဝင်ပါဦးစီးနေလို့ ပါရာဇိက ကျပါတယ်” လို့ ပေါက်ကိုယ်တော်ရဲ့ လုပ်ရပ်အပေါ် ရှမ်းမြောက် စစ်ဘေးရှောင် ကျောင်းထိန်ဆရာတော် တစ်ပါးက မိန့်ကြားပါတယ်။
ပေါက်ကိုယ်တော် အရိယဝံသဟာ မဘသ ဦးဆောင်ဘုန်းကြီး ဦးဝီရသူရဲ့ လက်ရင်းတပည့်ဖြစ်ပြီး မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး) အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ပေါက်ကိုယ်တော်ဟာ ၂၀၁၈ ခုနှစ်အတွင်းက NLD အစိုးရ ပြုတ်ကျရေးအတွက် မန္တလေးမှာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့တာကြောင့် တခြားမဘသဘုန်းကြီးတွေနဲ့အတူ ဖမ်းခံခဲ့ရပြီး မန္တလေးအိုးဘိုထောင်မှာ ထောင်ဒဏ် တစ်နှစ် ကျခဲ့ဖူးပါတယ်။
MK-014








