မဲခေါင်၊ သြဂုတ် ၁၇
ရှမ်းအရှေ့ ကျိုင်တုံမြို့မှာ ယနေ့ သြဂုတ်လ ၁၇ ရက်မနက်ခင်းပိုင်းမှာ တောင်မိုးရေကြောင့် နမ့်ခင်ချောင်း ရေကြီးလာသဖြင့် ရပ်ကွက်ကျေးရွာအချို့ရေလွှမ်းမှုဖြစ်ပေါ်နေတယ်လို့ ဒေသခံထံက သိရပါတယ်။
နမ့်ခင်ကျောင်း တာဘောင်ကျိုးပြီး အမှတ်-၅ ရပ်ကွက်၊ ကန်နားလုံကျေးရွာ၊ ယန်းလောအုပ်စု၊ တာလျက်ရွာတွေမှာ လူနေအိမ်တွေထဲ ရေဝင်ရောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ထို့အပြင် ကန်နားနမ့်ခင်ရွာနဲ့ မိုင်းယန်းသွားလမ်းမအပေါ် ရေလွှမ်းနေလို့ ကား ဆိုင်ကယ်တွေ အသွားအလာခက်ကုန်တယ်လို့သိရပါတယ်။
“ဒါက ဒုတိယအကြိမ် ဖြစ်တာ၊ လွန်ခဲ့တဲ့ ၃ ရက်ကလည်း ရေကြီးသေးတယ်၊ ဝမ်နားရွာဆိုရေဝင်တာ မနက် ၂ နာရီနောက်ပိုင်းမှ ပြန် ကျသွားတာ၊ ခုထပ်ဖြစ်တာ မနက် ၃ နာရီကြီး အရမ်းများတယ်၊ ဝမ်နားမှာနေလာတာ ကြာပြီ ဒီတခါ ရေ အကြီးဆုံးပဲ”လို့ ဝမ်နားရွာခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ကျိုင်းတုံမြို့ ဟာ ပင်လယ်ရေပြင်အမြင့်ပေ ၂၇၁၀ မှာတည်ရှိတဲ့ တောင်ပေါ် ချိုင့်ဝှမ်း မြို့ တစ်မြို့ဖြစ်ပြီး တောင်များဝိုင်းရံနေကာ အမြင့်ဆုံးတောင်မှာ ကတ်ထိုက်ကျေးရွာအုပ်စုအတွင်းက ပေ ၇၅၀၀ ကျော်မြင့်တဲ့ လွယ်ဖီးတောင်ဖြစ်ပြီး အမြင့်ဆုံးလွယ်မွေကျေးရွာအုပ်စုနဲ့ အနိမ့်ဆုံး ဝမ်ဆောင်းကျေးရွာအုပ်စုများရှိရာ ယခုလို မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုတွေက တောင်ကျချောင်းများပြားသည့် ကျိုင်းတုံမြို့အနေဖြင့် မြေနိမ့်ရပ်ကွက်ကျေးရွာအုပ်စုတွေအတွင်း ရေဝင် ရေလွှမ်းမှုတွေ ဖြစ်ပေါ်ရတာလို့ သိရပါတယ်။
MK-012



















