မဲခေါင်၊ ဩဂုတ် ၁၅
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ သူနာပြုသင်တန်းကျောင်းသူတွေနဲ့ Non-CDM ကျန်းမာရေး ဝန်ထမ်းတွေကို တစ်ဦး စာ ၂ စောင်နှုန်း ရေးခိုင်းပြီး ရှေ့တန်းထွက် စစ်ကောင်စီတပ်သားတွေအတွက် ပို့ဆောင်ခိုင်းနေတယ်လို့ Non-CDM သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ ရက်ခန့်ကတည်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ လျှို့ဝှက်ညွှန်ကြားစာနဲ့ စေခိုင်းထားတာ ဖြစ်ပြီး ရခိုင်နဲ့ ရှမ်းမြောက်က စစ်ကောင်စီတပ်သားတွေအတွက် စိတ်ဓါတ်တက်ကြွစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
“ကလေးတွေ စိတ်ညစ်နေကြတယ်။ တခါမှလည်း မရေးဖူးကြဘူးလေ။ တချို့ကတော့ ဝတ္တုစာအုပ် ကြည့်ရေးကြတယ်” လို့ Non-CDM ဝန်ထမ်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
စာစောင်တိုင်းမှာ နိုင်ငံတော်ကို ကာကွယ်နေတဲ့ စစ်သည်တော်တွေအတွက် ပြည်သူတွေအနေနဲ့ လေးစားဂုဏ်ယူကြောင်း ဆိုလိုရင်း ပေါ်လွင်အောင် ရေးသားခိုင်းထားတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် Non-CDM ဝန်ထမ်းတွေဆီက ငွေကြေးကောက်ခံပြီး ရှေ့တန်းရောက် စစ်ကောင်စီတပ်သားတွေအတွက် ရိက္ခာခြောက်လည်း ပို့ဆောင်သွားမယ်လို့ သိရပါတယ်။
အလားတူ နေပြည်တော်မှာလည်း ရှေ့တန်းရောက် စစ်ကောင်စီတပ်သားတွေအတွက် စိတ်ဓါတ်တက်ကြွစေဖို့ ရည်ရွယ်ပြီး အခုလို လုပ်ဆောင်ခိုင်းနေတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
MK-015








