မဲခေါင်၊ ဩဂုတ် ၁၄
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ကနေ ကရင်နီပြည်ကို နေရပ်ပြန်လာတဲ့ စစ်ဘေးရှောင်ကားတွေကို ပအိုဝ်းပြည်သူ့စစ် (PNA)က ဖြတ်သန်းခွင့် ပိတ်ထားတယ်လို့ စစ်ဘေးရှောင်ကူညီရေး လှုပ်ရှားဆောင်ရွက်နေသူတွေက ပြောပါတယ်။
မနေ့ ဩဂုတ် ၁၂ ရက်နေ့က လွိုင်ကော်၊ ဒီးမော့ဆိုဘက်ကို တက်လာမယ့် စစ်ဘေးရှောင်ကားတွေကို ပင်လောင်းမြို့နယ်၊ နောင်ပီ စစ်ဆေးရေးဂိတ်မှာ PNA က ပိတ်ဆို့ထားတာပါ။
“ဘာလို့ ပေးမဖြတ်တာလဲတော့ မသိရဘူး။ ပိုက်ဆံတောင်းတာကတော့ ကွမ်းယာ၊ ဆေးလိပ်ဖိုး ၂ သောင်း ၃ သောင်းလောက်ပါပဲ။ ရှေ့ကသွားတဲ့ တစ်းစီးက ဆေးဝါးတွေ၊ ဆန်တွေတွေ့တယ်လို့တော့ ပြောတာပဲ။ တစ်စီးမသင်္ကာတာနဲ့ အကုန်ပိတ်တာတော့ မဖြစ်သင့်ဘူး” လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။
နန်းတောင်လမ်းဆုံမှာ ရှိတဲ့ မျက်နှာဖုံးစွပ်ထားတဲ့ PNA တပ်သားတွေက လှည့်ပြန်ခိုင်းနေတာ ဖြစ်ပြီး လမ်းပိတ်တဲ့အကျိုးဆက်အနေနဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ကုန်ဈေးနှုန်း တက်လာနိုင်တယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသူတွေက သုံးသပ်ပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်မှာ ရှိတဲ့ PNA တွေက လမ်းဘယ်ရက်အထိ ပိတ်မယ်ဆိုတာ မကြေညာထားသလို ဘာကြောင့်ပိတ်တယ်ဆိုတာလည်း အသိမပေးတာကြောင့် စစ်ဘေးရှောင်တွေအတွက် အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
“ဘယ်ရက်ဖွင့်မလဲ သိရရင် အဆင်ပြေတယ်လေ။ အခုက တချို့က စောင့်နေတယ်။ တချို့တော့ ပြန်ပြီ။ ကားခဆိုလည်း မလွယ်ဘူးလေ တစ်ယောက်ကို ၅ သောင်းပေးရတာ” လို့ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။
လက်တလော ပင်လောင်း – ဒီးမော့ဆို လမ်းတစ်လျှောက်မှာ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိတာကြောင့် ဒီနေ့ ဩဂုတ် ၁၃ ရက်နေ့ မနက်ပိုင်းက တောင်ကြီးဘက်ကနေ တက်လာတာတဲ့ စစ်ကောင်စီရဲ့ စစ်ကားတန်း ၁၅ စီးအတွက် လုံခြုံရေးယူပေးတာလို့ တော်လှန်ရေးတပ်ဖွဲ့ ရဲဘော်တွေက ပြောပါတယ်။
MK-014








