မဲခေါင်၊ သြဂုတ် ၁၃
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဝမ်ယိဟာ ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ (သြဂုတ် ၁၃) မှာ သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံခရီးစဥ်ပြီးနောက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြုလုပ်မယ့် ၉ ကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်မှာဖြစ်တယ်လို့ တရုတ်သံရုံး ထုတ်ပြန်ချက်က ဆိုပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ခရီးစဥ်ဟာ သြဂုတ် ၁၄ ရက်ကနေ ၁၇ ရက်အထိ ကြာမြင့်မယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းဟာလည်း ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်မှာ နေပြည်တော်သို့လာရောက်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
အာရှရေးရာ အထူးကိုယ်စားလှယ် လာရောက်တဲ့ခရီးစဥ်ဟာ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရောက်လာတဲ့ ခရီးစဥ်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အသစ်နဲ့ ကောင်စစ်ဝန်ချုပ်တို့ကိုလည်း အသစ်ခန့်အပ်ထားကြောင်း တရုတ်သံရုံးက မနေ့ သြဂုတ် ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ အာရှရေးရာအထူးကိုယ်စားလှယ်တွေ လာရောက်မှု၊ သံအမတ်နဲ့ ကောင်စစ်ဝန်ချုပ်တို့ကို အသစ်ခန့်အပ်မှုဟာ စစ်ခေါင်ဆောင်းမင်အောင်လှိုင် ယာယီသမ္မတရာထူး ရာယူထားချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။








