မဲခေါင်၊ ဩဂုတ် ၁၃
ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ ၄၊ မိုင်းခတ် – မိုင်းယန်း – မိုင်းလား လမ်းပိုင်း မိုင်းလားမြို့အဝင်ကို ပိတ်ထားတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်၊
ဩဂုတ်လ ၈ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ မိုင်းလားတပ် (NDAA)ရဲ့ ဥက္ကဌ စိုင်းလင်းရဲ့ နာရေးကြောင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ ပိတ်ထားတာ ဖြစ်ပြီး ဩဂုတ်လ ၃၀ ရက်နေ့မှ ပြန်ဖွင့်ပေးမယ်လို့ ဆိုပါတယ်။
“အခုပိတ်တာက မိုင်းခတ် – မိုင်းယန်း – မိုင်းလားလမ်းပါ။ ကျိုင်းတုံလမ်းကတော့ မသိဘူး။ အကုန်ပြန်လှည့် ရတယ်။ ကား၊ ဆိုင်ကယ်၊ ဘာမှမရဘူး” လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
မိုင်းလား အဝင်ကို ပိတ်ထားပေမယ့် ကုန်တင်ကားနဲ့ ဒေသခံတွေကို ဝင်ခွင့်ပြုထားပြီး မိုင်းလားဒေသအတွင်းက ဆွေမျိုးရှိတဲ့သူတွေနဲ့ မိုင်းလားရဲစခန်းက ထောက်ခံစာပေးရင်တော့ ဝင်လို့ရတယ်လို့ သိရပါတယ်။
ပြန်လှည့်လာတဲ့ ကားတချို့ဟာ ကျိုင်းတုံ – တာပင်းလမ်းကနေ သွားကြပေမယ့် လူကန့်သတ်ထားတာကြောင့် ညအိပ်ညနေ တန်းစီစောင့်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။
အသက် ၇၀ အရွယ် NDAA ဥက္ကဌ စိုင်းလင်းဟာ ကင်ဆာရောဂါနဲ့ ကွယ်လွန်တာဖြစ်ပြီး လာမယ့် ဩဂုတ်လ ၂၃ ရက်နေ့မှာ ကိုးကန့်ရိုးရာဓလေ့အတိုင်း သဂြိုဟ်သွားမယ်လို့ သိရပါတယ်။
MK-014








