မဲခေါင်၊ သြဂုတ် ၁၃
ရှမ်းမြောက်၊ လားရှိုးထောင်က အကျဉ်းသားတွေအနက် အမျိုးသားတွေကိုသာ ပြန်လွှတ်ပေးပြီး အမျိုးသားတွေကို MNDAA က ထိန်းသိမ်းထားနေတယ်လို့ ထောင်ကျမိသားစုဝင်တွေနဲ့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
လားရှိုးထောင်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်မှာ MNDAA က တိုက်ခိုက် သိမ်းယူခဲ့တာဖြစ်ပြီး ထောင်ထဲက အကျဉ်းသားတွေကို ထိန်းသိမ်းထားရာက အကျဉ်းသူတွေကို မနေ့သြဂုတ် ၁၂ ရက်မှာ ပြန်လွှတ်ပေးတာလို့ သိရပါတယ်။
“”အမျိုးသားတွေကို မြို့ကို သန့်ရှင်းရေးနဲ့ တခြားလိုအပ်တဲ့ နေရာတွေမှာ အလုပ်လုပ်ခိုင်းမလို့ ပြီးရင်ပြန်လွှတ်ပေးမယ်လို့ပြောတယ် ”လို့ လားရှိုးထောင်ကျ အကျဉ်းသား တစ်ဦးရဲ့ မိသားစုဝင် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
MNDAA က လားရှိုးထောင်ကို သိမ်းပိုက်ပြီးနောက် လားရှိုးထောင်အကျဉ်းသားတွေနဲ့ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသား၊ အခြားအမှု အကျဥ်းသားမည်မျှဆိုပြီးဖော်ပြတဲ့ မည်သည့်တရားဝင်ထုတ်ပြန်ချက်မှမရှိဘဲ တအာင်းပလေင်လူမျိုးအကျဉ်းသား ၁၁၈ ဦးကို TNLA ရရှိကြောင်း TNLA က တရားဝင် ထုတ်ပြန်တာ၊ NLD ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်သတင်းကို မိသားစုဆီ ဆက်သွယ်လို့ရတယ်ဆိုပြီးသိရပြီးတဲ့နောက် နိုင်ငံရေးအကျဥ်းသားတွေနဲ့ပတ်သက်ပြီး လွှတ်လာသူတွေရဲ့ သတင်းဓာတ်ပုံ ပြောစကားကအစ နိုင်ကျဉ်းအဖွဲ့အစည်းတခုခုကနေ ထုတ်ပြန်တာတွေ မရှိသေးတာဖြစ်ပါတယ်။
လားရှိုးထောင်မှာ နိုင်ငံရေးအကျဉ်းသား ၄၀၀ ခန့်အပါအဝင် အကျဉ်းသား ၂၇၀၀ ကျော်ရှိနေပြီး ယင်းတို့ရဲ့လက်ရှိအခြေအနေကို မိသားစုတွေ ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေ နဲ့ အများပြည်သူတွေ သိရှိပြီး ဝမ်းသာကျေးဇူးတင်ရအောင် MNDAA က စာရင်းတွေနဲ့ ထုတ်ပြန်သင့်နေပြီလို့လူထုတွေက ဆန္ဒပြုနေကြတာ သိရပါတယ်။
လက်ရှိမှာ MNDAA ဟာ စစ်ကောင်စီ သုံ့ပန်းတွေကို ကယ်ဆယ်တာ၊ ကုသတာ၊ ပြန်လွှတ်တာတွေကို သတင်းအကျယ်တဝင့် ဖော်ပြနေပေမယ့် လားရှိုးထောင်က နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားစာရင်းတွေနဲ့ လုပ်ဆောင်ထားမှုတွေကို တရားဝင် ထုတ်ပြန်ထားတာ မရှိပါဘူး။
MK-012








